ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင်နေထိုင်သူများ တစ်လ နေထိုင်ခွင့်ပြုမည်

ထိုင်းတွင် မြန်မာအပါအဝင် တရားမဝင်နေထိုင်သူများ တစ်လ နေထိုင်ခွင့်ပြုမည်

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ တရားမဝင် ဝင်ရောက်လာသူများကို ဒီဇင်ဘာလ တစ်လလုံး အထောက်အထားမလိုဘဲ နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့ရက်စွဲဖြင့် ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

အဆိုပါ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို နိုဝင်ဘာလ ၂၈ ရက်မှစတင်၍ ဒီဇင်ဘာလ ၃၀ ရက်အထိ နေထိုင်ခွင့်ပြုသည့်သည့်အကြောင်းကို ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန်ရှင်နာဝပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး အနုထင်ချန်ဝီလကွန်တို့က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယခုလို နေထိုင်ခွင့်ပြုထားသော်လည်း အလုပ်လုပ်ကိုင်ခွင့်မပြုသေးကြောင်းနှင့် အသစ်၀င်ရောက်လာသူ တရားမ၀င်နေထိုင်သူများအပြင် နိုင်ငံအတွင်းသို့ တရားဝင်နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ကုန်လွန်သူ အထောက်အထားမဲ့များအတွက်လည်း အကြုံးဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက “သွားရလာရတာ အဆင်ပြေသွားတာပေါ့။ ကိုယ့်နေရာက အစစ်အဆေးများတော့ လမ်းထိပ်ထွက်ရင်တောင် ထိုင်းပုလိပ်တွေ သတိထားရတယ်။ အခုလို ခွင့်ပြုပေးလိုက်တော့ ဒီကြားထဲ အလုပ်ရှာဖို့ ကြိုတင်ပြင်ဆင်တာတွေရယ် နောက် ဘတ်ရိုက်ဖို့ကိစ္စတွေပြင်ဆင်ဖို့၊ ပွဲစားတွေနဲ့ ချိတ်ဆက်သွားလာဖို့ရယ် အဆင်ပြေသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းထုတ်ပြန်ချက်တွင် အထောက်အထားမဲ့သူများကို စစ်ဆေးမှုများသာ လုပ်ဆောင်ခွင့်ရှိပြီး ဖမ်းဆီးလုပ်ဆောင်မှု ပြုလုပ်ခွင့်မရှိကြောင်း၊ ဒီဇင်ဘာလကုန်အထိ ဖြေလျှော့ပေးပြီး နေထိုင်ခွင့်ရှိသော်လည်း အလုပ်လုပ်ကိုင်ခွင့်အတွက် ခွင့်မပြုသေးကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ စူရပ်ချိုင်းမင်းထွန်းက ၄င်း၏ လူမှုစာမျက်နှာကတစ်ဆင့် သတိပေး ပြောဆိုထားသည်၊၊

“ပြောချင်တာက လောဆယ် ဘာမှလုပ်လို့မရသေးဘူး။ ဘတ်စာရင်းတင်ဖို့တွေ၊ သက်တမ်းကုန်တဲ့သူတွေ၊ စာရွက်စာတမ်းတိုးရမယ့်သူတွေ၊ လူသစ်တွေအတွက်ရော စာရင်းတင်လို့မရသေးဘူး။ စာရင်းတင်လို့ရတာနဲ့ သူတို့ကြေညာပေးမယ်။ ၁၂ လပိုင်းအထိကို လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရသွားပြီ။ ဒါပေမယ့် အလုပ်လုပ်လို့ မရသေးဘူး” ဟု နို၀င်ဘာလ ၂၉ ရက်နေ့က ပြောဆိုထားသည်။

ထို့အပြင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ကုန်နေသူများအတွက် သက်တမ်းတိုးရန် လုပ်ဆောင်ရမည့်အဆင့်များကို လူမှုကွန်ယက်စာမျက်နှာမှတဆင့် ကြေညာထားပြီး ဒီဇင်ဘာလမတိုင်ခင်တွင် တရားမ၀င်အလုပ်သမားသစ်များအတွက် အထောက်အထား လုပ်ဆောင်မည်ဟု ဆိုထားသော်လည်း နာမည်စာရင်းတင်သွင်းရမည့် ရက်အတိအကျကိုမူ ထုတ်ပြန်လာခြင်းမရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်သောနည်းလမ်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လူဦးရေသည် ၄ သန်းဝန်းကျင်ရှိသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းပြောဆိုကြသည်။

January 6, 2025
KNU - ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ ကနဲလေးထ...
January 6, 2025
ဖားအံခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး၊ ဒုံရင်းနှင့် ထီလုံ စသည့်...
January 4, 2025
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ...
January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...