ကျောက်တံခါး၊ ချောင်းဝရွာကို KNU, PDF ပူးပေါင်းအဖွဲ့က ဒရုန်းကြဲချခဲ့သဖြင့် ဒေသခံအမျိုးသမီး(၂)ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းအမှား

ကျောက်တံခါး၊ ချောင်းဝရွာကို KNU, PDF ပူးပေါင်းအဖွဲ့က ဒရုန်းကြဲချခဲ့သဖြင့် ဒေသခံအမျိုးသမီး(၂)ဦး ဒဏ်ရာရရှိခဲ့သည်ဆိုသော သတင်းအမှား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU, PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဗုံးများကြဲချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာနေဒေသခံအမျိုးသမီး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွင် နိုဝင်ဘာလ(၂၄)ရက်နေ့မှစ၍ ပျံ့နှံ့လျက်ရှိသည်။

ထိုသတင်းကို Subscribe ပြုလုပ်သူစုစုပေါင်း ၁ သောင်း ၃ ထောင်ကျော်ရှိထားသည့် News of Myanmar (NOM)  တယ်လီဂရမ်ချန်နယ်မှ ဖြန့်ဝေထားခြင်းဖြစ်ပြီး ကြည့်ရှုသူ ၁ ထောင်ကျော်နှင့် ပြန်လည်မျှဝေသူ (၂) ဦး ရှိသည်။

ထိုသတင်းအမှားကို ဖော်ပြပါ (https://archive.ph/BqrKC) တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

စစ်ကောင်စီအတွက် ဝါဒဖြန့်သတင်းအများစုကို ရေးသားတင်ဆက်နေသည့် အဆိုပါ တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသော ထိုသတင်းအား ကရင်သတင်းဌာန-ကေအိုင်စီ အချက်အလက်စစ်ဆေးသည့်အဖွဲ့က စုံစမ်းစိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း သိရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်

ဖိုးတချောင်းဝရွာသည် မြန်မာအစိုးရ နယ်မြေသတ်မှတ်ချက်အရ ကျောက်တံခါးမြို့နယ်နှင့် ကရင်အမျိုးသားအစည်းအရုံး-KNU သတ်မှတ်ချက်အရ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းတည်ရှိသော ကျေးရွာဖြစ်သည်။

News of Myanmar NOM တယ်လီဂရမ်ချန်နယ်၏ရေးသားဖော်ပြချက်တွင် KNU,PDF အဖွဲ့က ပြည်သူများထိခိုက်စေရန် ရည်ရွယ်ပြီး ဒရုန်းဗုံးကြဲချမှုကြောင့် ရွာအတွင်းနေ မသီသီနွယ် (၃၅)နှစ်နှင့် ဒေါ်တင်တင်ပြုံး (၄၉)နှစ်တို့ ဗုံးသီးစထိမှန်ဒဏ်ရာဖြင့် ဆေးကုသမှုပေးထားရသည်ဟု ဆိုသည်။

ထိုသို့ပြောဆိုမှုနှင့်ပတ်သက်၍ ကေအိုင်စီက စိစစ်ကြည့်ရာ နိုဝင်ဘာလ(၂၃)ရက်နေ့က ရွာအတွင်း ဒရုန်း ဗုံးကြဲချခံရမှုက သတင်းအမှန်ဖြစ်သော်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်၏ လုပ်ဆောင်ချက်မဟုတ်ဘဲ စစ်ကောင်စီကလုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲ့နေ့က ဒရုန်းကျတာတော့ဟုတ်တယ်။ ထိတာက မိန်းမ(၁)ယောက်၊ ယောကျ်ားလေး(၂)ယောက်။ အဲဒီကလေးနှစ်ယောက်က ကျောက်တံခါးမှာသွားနေတဲ့ကလေးတွေ။ ဒရုန်းကျတဲ့လုံခြုံရေးဂိတ်နားမှာ သွားဆော့နေတာ။ ဂိတ်မှာကလူမရှိဘူး။ စစ်တပ်က သူတို့ထင်တဲ့နေရာကို လိုက်ချလို့ဖြစ်တာလေ။ တော်လှန်ရေးအဖွဲ့ဒရုန်းက တိုးလို့မှမပေါက်တာ” ဟု ကေအိုင်စီသို့ ပြောသည်။

ယင်းနေ့တွင်ပင် ဖိုးတချောင်းဝအနီးရှိ တောကြောင်ပေါက်ကျေးရွာတွင် စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး နောက်ထပ်ရွာခံ အမျိုးသမီး(၁)ဦးလည်း ကျည်စထိမှန်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် KNU က လုပ်ဆောင်ခဲ့သည်ဟူသော ဖော်ပြချက်နှင့်ပတ်သက်၍ ကျောက်ကြီးမြို့နယ် KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဝါးမူကို ဆက်သွယ်မေးမြန်းရာတွင်လည်း သတင်းမှားဖြစ်သည်ဟု ကေအိုင်စီသို့ ပြောသည်။

ပဒိုစောဝါးမူက “ဒါကသတင်းမှားပါ။ ဖိုးတချောင်းဝရွာမှာ သူတို့(စစ်တပ်)က ဒရုန်းလာကြဲချလို့ ပြည်သူ(၃)ယောက် ထိသွားတယ်လေ။ သူတို့လုပ်ပြီး ကျနော်တို့ကို တန်ပြန်ပုံဖော်တဲ့ သတင်းအမှားလွှင့်နည်းပေါ့” ဟု ၎င်းက ဆိုသည်။

စစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ရှောင်ရသူဦးရေ တိုးပွားသထက်တိုးလာသည့် ညောင်လေးပင်ခရိုင်အတွင်း ယခုနိုဝင်ဘာလတစ်လလုံးတွင်လည်း လက်နက်ကြီး၊ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်ခံနေရ၍ ထိခိုက်သူအများအပြားရှိလာကြောင်း ကေအဲန်ယူ-ဗဟို၏ လူမှုကွန်ရက်စာမျက်နှာများတွင် မကြာခဏ ဖော်ပြထားသည်။

ထို့အတူ လွတ်လပ်ပြီးယုံကြည်ရသည့် ပြည်တွင်းမီဒီယာများဖြစ်သည့် RFA, DVB စသည်တို့တွင်လည်း KNU ၏ ထုတ်ပြန်ချက်များနှင့်စပ်လျဥ်းပြီး ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီက အရပ်သားပြည်သူနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်မှုအပေါ်  ယင်းဒေသခံများ၏ ပြောကြားချက်ကို ရေးသားဖော်ပြလေ့ရှိသည်။

DVB သတင်းဌာန၏သတင်းလင့်ခ်ကို (https://burmese.dvb.no/post/679574) တွင် ဖတ်ရှုနိုင်သလို RFA သတင်းဌာန၏ဖော်ပြချက်ကိုလည်း (https://www.facebook.com/share/p/18Gz7Wn3mE/?mibextid=oFDknk ) တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

သုံးသပ်ချက်

စစ်ကောင်စီ၏ဝါဒဖြန့် News of Myanmar NOM တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖြန့်ဝေမှုသည် ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုထားသော သက်သေဓာတ်ပုံများမပါဝင်သလို KNU , PDF ၏ ပစ်ခတ်မှုကြောင့် ဒေသခံများထိခိုက်ဒဏ်ရာရရှိသွားသည့် ခိုင်လုံသော သတင်းအရင်းအမြစ်၏ ပြောဆိုချက်လည်းမပါရှိသော ရေးသားမှုမျိုးဖြစ်သည်။

အလားတူ ၎င်တို့ချုပ်ကိုင်ထားသည့် လူမှုကွန်ရက်နှင့်တယ်လီဂရမ်ချန်နယ်များကို အသုံးပြု၍ ခိုင်လုံ သည့်အထောက်အထားမပြနိုင်သော ရေးသားဖြန့်ဝေမှုမျိုး အကြိမ်ကြိမ် လုပ်လေ့ရှိကြောင်းလည်း တွေ့ရသည်။

အထက်ဖော်ပြပါ သက်သေစိစစ်ချက်များနှင့် ဒေသခံများ၏ပြောကြားချက်ပေါ်အခြေခံ၍ News of Myanmar NOM ၏ ဖော်ပြချက်မှာ သတင်းအမှားဖြစ်သည်။

Most read this week

January 3, 2025
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက...
January 2, 2025
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစုမှာ လက်ရှိ...
January 2, 2025
ကော့ကရိတ် - မြဝတီ အာရှလမ်းမသစ် ပြန်လည်ထိန်းချုပ်နိုင်ရေး တိုက်ခိုက်နေသည့် စစ်ကောင်စီ...
December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...