မန္တလေး၊ စစ်ကိုင်းမှ အိန္ဒိယနိုင်ငံထိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီဖမ်းမိကြောင်းကြေညာ

မန္တလေး၊ စစ်ကိုင်းမှ အိန္ဒိယနိုင်ငံထိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီဖမ်းမိကြောင်းကြေညာ

မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ  မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ မူးယစ်မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီက ဖမ်းဆီးရမိတယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူ ၂၁ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး လတ်တလော ၁၄ ဦးဖမ်းဆီးရမိထားပြီး ၈ ဦးက ဖမ်းဆီးဖို့ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ  ကလေးဝမှ ကလေးဘက်သို့ ကိုစိန်လွင် မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာတဲ့  FUSO ၁၂ ဘီးယာဉ်ကို ရှာဖွေရာမှာ ဘိန်းဖြူ ၅၀.၆ ကီလိုကို ကနဦးဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ကွင်းဆက်တွေအနေနဲ့ ကလေးမြို့အတွင်းက ရောင်းဝယ်မှုတွေပြုလုပ်နေသူ ၊ သိုလှောင်ထားသူတွေကို ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုဖမ်းဆီးမှုကနေ ရတဲ့သတင်းနဲ့ မန္တလေးမြို့အတွင်း မူးယစ်ဆေးဝါးတင်ပို့ရောင်းချသူတွေကို မန္တလေးမြို့အတွင်းမှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိရာမှာ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန် တိတိကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းကျေးသီးမြို့နေ  စိုးဝင်းနဲ့အဖွဲ့တွေဟာ  ကျေးသီးမှ တဆင့် မန္တလေးမြို့သို့ ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများကို ပို့ဆောင်ပေးမှုနဲ့ သိုလှောင်မှုတွေကို စီမံခန့်ခွဲကာ မန္တလေးမြို့တွင်း  နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းသို့ ပို့ဆောင်ရောင်းချခဲ့တယ်ဆိုပါတယ်။

ကလေးမြို့မှ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် မိုရေးလ်မြို့ ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်တွေဆီကို မူးယစ်ဆေးဝါးတွေဆက်လက်တင်ပို့ရောင်းချခဲ့ကြသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ပြီးခဲ့တဲ့ ၆ လပတ်အတွင်း မူးယစ်ဆေးဝါး  ကျပ် ၁၂၇.၉၇၈ ဘီယီယံအထိ ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

Most read this week

January 24, 2025
မန္တလေး-ရှမ်းမြောက် ကုန်သွယ်ရေးလမ်းပိုင်းဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပျက်တောက်ခဲ့ပြီးနောက်...
January 20, 2025
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ပင်လည်ဘူးမြို့နယ်က ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေကို...
January 17, 2025
စစ်ကိုင်းတိုင်းဒေသကြီးရှိ NUG သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့ဟာ ၃ လကျော်ကြာသည်အထိ စစ်ရှောင်တွေက...
January 15, 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့အတွင်းမှာ ယခင်ကရှိခဲ့တဲ့ မြို့နယ်ဆရာဝန်တစ်ဦးဟာ ...