တောင်ကုတ်တွင် လူနေကျေးရွာထဲ စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ ဆယ်ကျော်သက်အရွယ် မိန်းခလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

တောင်ကုတ်တွင် လူနေကျေးရွာထဲ စစ်ကောင်စီလေတပ်က ဗုံးကြဲ၍ ဆယ်ကျော်သက်အရွယ် မိန်းခလေး ၂ ဦးအပါအဝင် ၄ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

တိုက်ပွဲတစ်စုံတစ်ရာမရှိသော ရခိုင်ပြည်၊တောင်ကုတ်မြို့နယ်မှကျေးရွာတစ်ခုကို နိုဝင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီလေတပ်မှဂျက်လေယာဉ်ဖြင့် ဗုံးလာကြဲ၍ အသက် ၁၀နှစ်ကျော်အရွယ် မိန်းကလေး နှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

သေ‌ဆုံးသွားသူမှာ တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်း‌ကျေးရွာမှ မပပအေးခင်( ၁၃) နှစ်၊ မဒေစီမြင့်( ၁၄ )နှစ်၊ မရွှေရီဝင်းဝါ(၂၅) နှစ်နှင့် ကိုရင်ကို(၂၈) နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများမှာ အဆိုပါရွာမှ ၊ မနီလာထွေး(၂၅နှစ်)၊ ဦးဘချစ်(၇၆ )နှစ် ဦးဇင်ကိုဦး(၃၃ နှစ်)နှင့်ဦးတင်အေး (၇၃ နှစ်)တို့ ဖြစ်သည်။

တောင်ကုတ်ဒေသခံအမျိုးသမီးတစ်ဦးက" အဲဒီနေ့မနက်ပိုင်းပေါ့။ ၁၀ နာရီလောက်မှာ တိုက်ပွဲမရှိဘဲ ဗုံးတလုံးလာချသွားတာ။ ပြီးတော့စစ်ကောင်စီက အခုနောက်ပိုင်းမှာ Y-12 လေယာဉ်နဲ့ ဂျက်ဖိုက်တာတို့သုံးပြီးနေရာအနှံ့ ဗုံးလိုက်ကြဲနေတာပါ။ အဲဒီနေ့က ဗုံးကျလို့ ရွာကလူ၄ ယောက်သေတယ်"ဟုပြောသည်။

စစ်ကောင်စီသည် ဒေသခံပြည်သူများနေထိုင်သည့် နေအိမ်များ၊ စာသင်ကျောင်းနှင့်သာ့သနာအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသည်ဟု တောင်ကုတ်ဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

" သူတို့က အဆောက်အဦးအကြီးတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတယ်။ သူတို့က စစ်ရေးအရ ရှုံးနိမ့်ပြီဆိုရင် ပြည်သူတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်တယ်လို့ ယူဆတယ်" ဟုပြောသည်။

တောင်ကုတ်တွင်ယခု နိုဝင်ဘာ ဒုတိယအပတ်မှစစ၍ စစ်ကောင်စီ၏ လေကြောင်းနှင့် အမြောက်တပ်မှလက်နက်ပစ်ခတ်၍ ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းဆုံ ရွှေတောင်ရေခဲစက်အနီးမှအိမ်ခြေ (၁၀)ခန့်၊ သိမ်တောင်မူကြိုကျောင်းမီး‌လောင်ပြီး ကမ္ဘောဇဘဏ်၊ ကံပိုင်ဘုန်းကြီးကျောင်း၊ ကမ်းဒေးကျေးရွာရှိ စာသင်ကျောင်း၊ ဂူတာရပ်ကွက်၊ သိမ်‌တောင်ရပ်ကွက် တို့တွင်လည်း လက်နက်ကြီးကျည်ကျ၍ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်းတွင် စစ်ကောင်စီ၏လက်နက်ကြောင့်တောင်ကုတ်ဒေသခံ ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း နိရဉ္စရာမှ စုံစမ်းသိရှိရသည်။

ရခိုင်တိုက်ပွဲတစ်နှစ်တာကာလအတွင်း စစ်ကောင်စီနှင့် အပေါင်းအပါအဖွဲ့အစည်းတချို့ကြောင့် ‌‌ပြည်သူ ၇၀၀ ကျော်အထိသေဆုံးခဲ့ရကြောင်း HDCOက ထုတ်ပြန်ထားသည်။

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...