သျှမ်းပြည်မြောက်ပိုင်း စစ်ရှောင်လူငယ်များသည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်တွင် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကို သွားရောက်လုပ်ကိုင်ပြီး ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။
စစ်အာဏာသိမ်းပြီး “၁၀၂၇”စစ်ဆင်ရေး ပထမလိုင်းတွင် သျှမ်းမြောက်တစ်ကြောရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ကွတ်ခိုင်၊ သိန္နီ စသည့်မြို့နယ်ဒေသအများစုသည် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်မြို့လုံးနီးပါး အခြားဒေသ သို့ စစ်ရှောင်ခဲ့ရသည်။
ထို့ကြောင့် စစ်ရှောင်နေရသည့် လူငယ်အများစုသည် စားဝတ်နေရေးအတွက် ကျားဖြန့်လုပ်ငန်းကိုသာ အဓိက လုပ်ကိုင်နေသည်ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်အာဏာသိမ်းပြီးနောက်ကတည်းက ဒီကျားဖြန့်လုပ်ငန်းကို ပိုလုပ်လာကြတယ်။ “၁၀၂၇” စစ်ဆင်ရေး ပထမလိုင်းဖြစ်ပြီးနောက်ဆိုရင် ပိုဆိုးလာတာပေါ့ ။ စစ်တပ်က နေရာတိုင်းကိုလိုက်ပြီး ဗုံးကြဲတယ် ပြည်သူတွေလည်း တခြားနေရာကို ရှောင်နေရတယ်။ အလုပ်အကိုင်လည်း မရှိတော့ ဒီကျားဖြန့်ထဲကို သွားလုပ်တာ နောက်မှာ ကျန်တဲ့မိသားစုတွေ မငတ်အောင်ပေါ့”ဟု ၎င်းက ပြောသည်။
ကျားဖြန့်လုပ်ငန်းထဲတွင် အရွယ်ရောက်နေသည့် ကလေးလူငယ် အသက် ၁၇ နှစ်အထက် ကျား/မ မရွေးစသည့် ငယ်ရွယ်လှပသည့်သူများသာ ၎င်းကျားဖြန့်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ကျားဖြန့်လုပ်ငန်းတွင် ရောက်ရှိနေသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
အဆိုပါ ကျားဖြန့်လုပ်ငန်းထဲတွင် မြန်မာပြည်တွင်းတင်မက မလေးရှား၊ ဖီလစ်ပိုင်ရှိ ကိုယ်ပိုင်ကျွန်းနေရာတွင် မြန်မာပြည်သူအများစုသည် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အွန်လိုင်းပေါ် လိင်ပိုင်းဖော်ဖြေရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ရသည်ဟု ၎င်းအမျိုးသမီးငယ်တစ်ဦးက ဆက်ပြောသည်။
“ဒီကျားဖြန့်ထဲမှာဆိုရင် စစ်ရှောင်က လူငယ်ပိုင်းတွေပဲ တော်တော်များတယ်။ တချို့ဆို တစ်ဆွေလုံး တစ်မျိုးလုံးပါတယ်။ အသက် ၁၇ နှစ်အထက်တွေ ရုပ်သန့်တဲ့သူတွေဆို သူတို့ ပိုကြိုက်တယ်။ မြန်မာတွင်းတင်မကပဲ မလေးရှား၊ ဖီလစ်ပိုင်ရှိ ကိုယ်ပိုင်ကျွန်းနေရာမှာ သွားလုပ်တယ်။ အွန်လိုင်းငွေလိမ်တာ မကပဲ အွန်လိုင်းလိင်ပိုင်းဖော်ဖြေရေး အလုပ်ကိုလည်း လုပ်ရတယ်”ဟု ၎င်းအမျိုးသမီးငယ်က ပြောသည်။
လက်ရှိ စစ်ရှောင်ကလေးများသည် ပညာသင့်ခွင့်ကို ဆုံးရှုံးလိုက်ရခြင်းကြောင်း ကျားဖြန့်လုပ်ငန်းထဲတွင် အများဆုံးရောက်ရှိသွားသည်ဟု သိရသည်။
ကျားဖြန့်လုပ်ငန်းသည် သျှမ်းမြောက်တင်မက သျှမ်းတောင်ဒေသနှင့် သျှမ်းအရှေ့ပိုင်းတွင်လည်း ထပ်မံတိုးချဲ့လာနေကြောင်း၊ အွန်လိုင်း ငွေလိမ်ဂိုဏ်း ကိစ္စနှင့်ပတ်သက်ပြီး မကြာခဏဖမ်းဆီးမှုရှိသော်လည်း လက်ရှိအချိန်ထိ ကျားဖြန့်သည် ပပျောက်သွားခြင်းမရှိကြောင်း သိရသည်။
“ကျားဖြန့်လုပ်ငန်းက သျှမ်းမြောက်တင်မက သျှမ်းတောင်/ရှေ့ ဘက်ကိုလည်း တဖြေးဖြေးချင်း တိုးချဲ့လာနေတယ်။ များလာတဲ့အကြောင်းအရင်းကလည်း ပြည်သူစစ်တွေက လုပ်ခွင့်ပြုထားလို့ ပိုဆိုးလာနိုင်တာပဲရှိတယ်။ ဘယ်လောက်ပဲ ဖမ်းမိဖမ်းမိ ဒီကျားဖြန့်လုပ်ငန်းက လျော့သွားနိုင်မှာ မဟုတ်ဘူး”ဟု ကျားဖြန့်တွင် လုပ်ကိုင်နေသည့် အမျိုးသားငယ်တစ်ဦးက ပြောသည်။
ကျားဖြန့်လိမ်လည်မှုကို လျော့ပါးသွားအောင် မြို့နယ်ဒေသနှင့် ကျေးရွာဒေသများတွင် သွားရောက်အသိပေး ဖော်ပြောခြင်းများ ပြုလုပ်ပေးစေခြင်း၊ မည်သည့်အဖွဲ့စည်းမှ လာရောက်ဖော်ပြောချင်းမရှိကြောင်း ပြည်သူအများစု ငွေလိမ်ခံနေရသည်ဟု သျှမ်းမြောက်ဒေသက ပြောသည်။
သျှမ်းပြည်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ ကျားဖြန့် တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်လည်မှုကိစ္စ ပပျောက်ရေးဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မှာ “၁၀၂၇ စစ်ဆင်ရေး” ဟုဆိုပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့သည်။
သို့သော် သျှမ်းပြည်မြောက်ပိုင်းတွင် ကျားဖြန့်၊ အွန်လိုင်း ငွေလိမ်လည်မှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။