မြစ်ကြီးနား- ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ ၆ နာရီနောက်ပိုင်းဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ခရီးသည်များ တစ်ညအိပ်ဖြင့်သွားနေရ

မြစ်ကြီးနား- ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ ၆ နာရီနောက်ပိုင်းဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ခရီးသည်များ တစ်ညအိပ်ဖြင့်သွားနေရ
မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)
မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းတွေ့ရတဲ့ ခရီးသည်ကားနဲ့ကုန်ကားများ (ပုံဟောင်း)

ကချင်ပြည်နယ် မြစ်ကြီးနား- ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့်  မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။

မြစ်ကြီးနား-ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊ လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ်လိုက်တာလို့ ကားသမားတစ်ဦးက KNG အခုလိုပြောပါတယ်။

"လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန်ပိုင်းလောက်ကတည်းက ဟုတ်တယ်။ ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှ ညနေခြောက်နာရီနောက်ပိုင်း မဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာ တစ်ညအိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်း လမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး ''လို့ ပြောပါတယ်။

ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ညအိပ်ကြရတယ်လို့ သိရပါတယ်။

"စောစောထွက်တဲ့လူကတော့ ဖုန်ကျန်းမှာအိပ်တယ် တချို့ဆွမ်ပရာဘွမ်မှာလည်းအိပ်တယ်။ ဖတ်မာတို့၊ လုံရှာယာန်တို့က နီးပေမယ့် အဲ့မှာမအိပ်ရဲကြဘူး စစ်သားတွေရှိတယ်လေး''လို့ နောက်ထပ်ကားသမားတစ်ဦးက ပြောပါတယ်။

ညဘက်ဖြတ်သန်းခွင့်ကန့်သတ်ထားတဲ့ဂိတ်တွေဟာ အထက်မှာဖော်ပြခဲ့တဲ့ မူလာရှီးဒီ၊ လုံရှာယာန်၊ ဖတ်မာ ဂိတ်သုံးဂိတ်အပြင် ပူတာအိုမြို့တွင်း သုတ္တန်ရပ်ကွက်နဲ့ မူလာရှီးဒီရပ်ကွက်ကြားထဲက ခလရ ၃၇ တပ်ဂိတ် စုစုပေါင်းလေးဂိတ် ရှိတယ်လို့ သိရပါတယ်။

လမ်းပိုင်းကြန့်ကြာမှုကြောင့် ပူတာအိုမြို့ဒေသမှာ စားသောက်ကုန်နဲ့ လူသုံးကုန်စျေး ဆက်လက်မြှင့်တက်နေဆဲဖြစ်တယ်လို့ ပူတာအိုမြိုအခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

"ပုံမှန်ဆိုရင်တောင်ကားဂိတ်တွေက တစ်ပတ်ကို သုံးကျော့လောက်ပဲရတယ်။ အသွားအပြန်နဲ့ဆိုရင်အခုက လမ်းမှာလည်းအိပ်ရတော့ တစ်ပတ်ကိုနှစ်ခေါက်လောက်ပဲရတယ်တဲ့။ အဲ့ကြောင့်ပစ္စည်းအဝင်ကအရင်ကထက်းတော့နည်းတယ် အဲ့တာကိုအကြောင်းပြပြီး ကုန်စုံဆိုင်တွေက စျေးတင်ပြီးရောင်းတာတွေရှိတယ်။” လို့  ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပူတာအို- မြစ်ကြီးနားကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဂိတ်တွေ ၅ ခုထက်မနည်းရှိပြီး အဲ့ဒီဂိတ်တွေမှာ အကောက်အခွန်အများအပြား ပေးဆောင်ရတာကြောင့် ပူတာအိုဒေသမှာ ကုန်စျေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့လည်း ပူတာအိုဒေသခံတွေ ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့ မေလမှာ ဆွမ်ပရာဘွမ်မြို့ကိုသိမ်းလိုက်တဲ့နောက် ပူတာအို-မြစ်ကြီးနားလမ်းကားလမ်းပိုင်းရဲ့၆၀ ရာခိုင်နှုန်းကို KIA နဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားပြီး မြို့တွင်းနဲ့ကျန်တဲ့နေရာကို စစ်ကောင်စီတပ်ဘက်က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ပူတာအိုမြို့ဟာ မြစ်ကြီးနားမြို့ရဲ့အထက်ဘက် မိုင် ၂၁၈ မိုင်အကွာမှာရှိပြီး ပြီးခဲ့တဲ့ ဇူလိုင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးရွားရွားပျက်စီးခဲ့ပေမယ့် ခုနောက်ပိုင်းပြန်လည်ပြုပြင်ပြီး ပုံမှန်တိုင်းသွားလာနေတာလည်း ဖြစ်ပါတယ်။

Most read this week

January 22, 2025
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်ရှိတဲ့ ခလရ ၄၇ တပ်ရင်းနဲ့ စစ်ဆင်ရေးနှင့်...
January 21, 2025
ရှမ်းမြောက် မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲ မုံးပေါ် ကျေးရွာအနီး၊ ဝိန်းဆိုင်ကျေးရွာ...
January 18, 2025
ပုံအညွှန်း - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာ မြင်တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ။ ကချင် -...
January 16, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ်၊ ခြံဝင်းတွေကို...