မွန်ပြည်နယ်မှာ စစ်မှုထမ်းပျက်ကွက်သူတွေကို အရေးယူမှုစတင်

မွန်ပြည်နယ်မှာ စစ်မှုထမ်းပျက်ကွက်သူတွေကို အရေးယူမှုစတင်

တပ်အင်အားပြုန်းတီးမှုနဲ့အတူ စစ်သည်လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ မွန် ပြည်နယ်မှာ စစ်မှုထမ်းပျက်ကွက်သူတွေနဲ့ တိမ်းရှောင်သူတွေကို အမှုဖွင့်အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းပျက်ကွက်သူတွေကို သက် ဆိုင်ရာနယ်မြေရဲစခန်းတွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့်အရေးယူမှုတွေ လုပ်ဆောင်ထားပြီး ဖမ်းဆီးသွားဖို့ ပြင်ဆင်နေတာပါ။

စစ်မှုထမ်းပျက်ကွက်သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ညွှန်ကြားလာပြီးနောက် အရေးယူမှုတွေ စတင်လာတာပါ။

စစ်မှုထမ်းအရေးယူရာမှာ စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းပြီးမှ အကြောင်းမဲ့ ပျက်ကွက်သူတွေ၊ ဆေးအောင်ပြီး အကြောင်းမဲ့ ပျက်ကွက်သူတွေအပြင် သင်တန်းကျောင်းရောက်ပြီးမှ ပျက်ကွက်သူတွေကိုလည်း အရေးယူဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ မထွက်သေးခင်မှာပဲ စစ်မှုထမ်းပျက်ကွက်တဲ့သူတွေကို အရေးယူဖို့ လုပ်ဆောင်တာဟာ လုပ်ချင်တိုင်းလုပ်နေတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“သူတို့(စစ်ကောင်စီ) ပျက်ကွက်နေတာ ရှိတယ်။ အဲဒါနည်းဥပဒေ ထုတ်မပေးတာ၊ နည်းဥပဒေ ထုတ်မပေးတော့ ဘာဖြစ်လဲဆိုတော့ စနစ်တကျ စည်းနဲ့ကမ်းနဲ့ပေါ့နော်။ လူလိုပေါ့ အဆက်ဆံမခံရဘူး။ လူလိုဆက်ဆံခံရတယ်ဆိုတာ ဘာကိုပြောတာလဲဆိုတော့ မကျန်းမာရင်မခေါ်ရဘူး။ မိဘကို လုပ်ကျွေးနေတဲ့သူ တစ်ယောက်တည်း ဖြစ်နေရင်မခေါ်ရဘူး။ နောက်တစ်ခါ မိသားစုကို ကလေးတွေနဲ့ လုပ်ကျွေးနေတဲ့သူကို မခေါ်ရဘူးစသဖြင့် ဒါတွေက လူ့ယဉ်ကျေးမှု လူလိုဟာမျိုးတွေ အဲဒါက နည်းဥပဒေထဲမှာပါရမှာလေ။ အဲဒီနည်းဥပဒေမရှိတဲ့အခါကျတော့ အခုဖြစ်ချင်တိုင်း ဖြစ်နေတယ်။ လုပ်ချင်တိုင်းလုပ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းနည်းဥပဒေ မထွက်ခင်မှာပဲ အခုလို အရေးယူမှုတွေ လုပ်ဆောင်တာဟာ ဥပဒေကို စစ်ကောင်စီကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပြီး ပြည်သူတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတော့ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ (အဋ္ဌမ မူကြမ်း) ရရှိထားပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အဆင့်ဆင့်တင်ပြပြီးရင် နည်းဥပဒေ ထုတ်ပြန်ပေးသွားမယ်လို့ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုထားတာပါ။

ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဆင့်ခေါ်ရေးအဖွဲ့က စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အချိန် လာရောက်ဖို့ ပျက်ကွက်တာ၊ မှတ်ပုံတင်ထားပြီး ဆေးစစ်ဖို့ ပျက်ကွက်သူတွေအနေနဲ့ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး အရေးယူခံရနိုင်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ စစ်ကောင်စီက စစ်မှုမထမ်းချင်တဲ့သူတွေကို အရေးယူမှုတွေ လုပ်ဆောင်တာဟာ စစ်ရေးမှာ အရေးနိမ့်လာတာကို ထင်ထင်ရှားရှားပြသတာဖြစ်ပြီး မိဘပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းတာပါ။

“အခု စကစက စစ်မှုမထမ်းချင်လို့ ရှောင်ရှားတဲ့ လူငယ်တွေကို အရေးယူတာ ပြုလုပ်လာတာက စကစမှာ တစ်နိုင်ငံလုံးအနှံ့ ပြန့်ကျဲလာတဲ့ စစ်မြေပြင်တွေမှာ စစ်ရေးအရ အရေးနိမ့်လာတာကို ထင်ထင်ရှားရှား ပြသလာတဲ့ လက္ခဏာတစ်ရပ်လို့ သုံးသပ်ရမှာပါ။ ဒါကြောင့်မို့ စကစရဲ့ အသက်ရှုပေါက်အဖြစ် အသုံးပြုလာတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ ဖိအားပေးလာမှုအပေါ် လူငယ်တွေရော မိဘပြည်သူတွေပါ ဆန့်ကျင်ရှောင်ရှားကြပြီး စကစသက်ဆိုးရှည်စေမယ့် မည်သည့်နည်းလမ်းကိုမဆို ဆန့်ကျင်ကြပါလို့ တိုက်တွန်းချင်ပါတယ်”လို့ သူက ပြောပါတယ်။

ဒေသတွင်းမှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အတွက် ဒေသခံတွေကို အတင်းအဓမ္မ စုဆောင်းနေပြီး ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် ၆ အထိ သင်တန်းဖွင့်လှစ်ထားသလို အပတ်စဉ် ၇ အတွက်လည်း လူသစ်စုဆောင်းတာတွေ လုပ်ဆောင်နေတာပါ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ကတော့ စစ်ကောင်စီဟာ စစ်မှုထမ်းဖို့အတွက် မြေပြင်မှာ ငွေကြေးနဲ့ စည်းရုံးတာ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာအပြင် အကျပ်ကိုင် ဖမ်းဆီးခေါ်ဆောင်တဲ့ နည်းလမ်းတွေနဲ့ စစ်မှုထမ်းစုဆောင်းနေတယ်လို့ ဆိုထားပါတယ်။

BACS ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အ ပတ်စဉ် ၅ အထိ လူဦးရေ ၂၁,၀၀၀ ထက်မနည်း တပ်သား စုဆောင်းခံထားရပြီး အပတ်စဉ် ၃ ခုက သင်တန်းဆင်းသူ ၁၃၀၀၀ ကျော် ရှေ့တန်း ပို့ဆောင်ခံထားရပါတယ်။

ဓာတ်ပုံ-MOI

Most read this week

January 21, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက...
January 21, 2025
မင်းဘူး ရွှေစက်တော်ဘုရား ဖွင့်ဖို့အတွက် စျေးသည်တွေကို စစ်ကောင်စီ ဖိအားပေးခိုင်းစေတာတွေ...
January 20, 2025
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။...
January 17, 2025
တရားဝင် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်မှု စွပ်စွဲချက်နဲ့...