စန်းကားရွာ အရပ်သားနေအိမ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်

စန်းကားရွာ အရပ်သားနေအိမ်မှာ စစ်ကောင်စီတပ်စွဲနေထိုင်
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)
နန့်ပေါင်လေတပ်စခန်းရဲ့တစ်ဖက်ကမ်းရှိ စန်းကားရွာ ( Google Map)

ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ အရပ်သားနေအိမ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲနေထိုင်တာတွေလုပ်နေတယ်လို့ စန်းကားကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့ စစ်ဆင်ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့နယ်အတွင်း ကျေးရွာအများပိုင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ထဲ စန်းကားကျေးရွာအုပ်စုလည်း ပါဝင်ပါတယ်။

စန်းကားကျေးရွာအုပ်စုမှာ ကျေးရွာ၊ ရပ်ကွက်ပေါင်း ၁၀ ခုရှိပြီး စစ်ရေးအခြေနေကြောင့် အိမ်စောင့်ကလွှဲလို့ ဒေသခံပြည်သူများအားလုံး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြချိန် စစ်ကောင်စီတပ်က အရပ်သားနေအိမ်တွေမှာ အိမ်သော့ရိုက်ဖွင့်ပြီးနေထိုင်တာတွေ ရှိနေတယ်လို့ စန်းကးကျေးရွာ ရပ်ကွက် ၅ ဒေသခံအမျိုးသားတစ်ဦး KNG ကို အခုလိုပြောပါတယ်။

“အိမ်ကောင်းတွေဘဲ ဝင်နေတာ သော့ခတ်ထားလည်း သော့ရိုက်ဖွင့်ပြီးမှနေတယ် ရပ်ကွက် ၃ အိမ်တစ်လုံးမှာ ဗျူဟာမှုးလည်းရှိတယ်လို့ ပြောကြတယ်”လို့ ပြောပါတယ်။

အိမ်စောင့်ကလွှဲပြီး ပြည်သူအများပိုင်း ထွက်ပြေးတိမ်းရှောင်သွားတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ဇွန်လကစပြီး  ရွာအဝင်အထွက် စစ်ဆေးတာ ပုံမှန်လုပ်နေတဲ့အပြင် ရပ်ကွက် ၇၊ ၃ ၊ ၅ ၊ ၄ စတဲ့ ရပ်ကွက်ရှိ လူနေအိမ်တစ်ချို့တွင်း ဝင်ရောက်တပ်စွဲနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ လကုန်ပိုင်း စန်းကားကျေးရွာ၊ ရပ်ကွက် ၇ အရပ်သားနေအိမ်တစ်အိမ်မှာ လက်နက်ကြီးအထိုင်ချ တပ်စွဲထားတဲ့စစ်သားတွေကို KIA ပူပေါင်းတပ်ဝင်ရောက်ပစ်ခတ်ဖမ်းဆီးသွားပြီး အဲဒီနေရာမှာ KIA ပူးပေါင်းတပ်က တပ်စွဲလိုက်နိုင်ပေမယ့် ဩဂုတ်လတွင်း စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် KIA တပ်ဖွဲ့ ရပ်ကွက် ၇ ကနေ တပ်ဆုတ်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

လတ်တလော KIA တပ်ဟာ စန်းကားကျေးရွာအုပ်စုမှာပါဝင်တဲ့ ဘန်းဘားရွာ (ဒေသအခေါ်) ရပ်ကွက် ၈ အထိ တပ်ဆုတ်သွားပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက် ၇ အထိ နေရာယူထားပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာတဲ့အခြေနေမှာရှိနေတယ်လို့ သိရပါတယ်။

“ ခုရပ်ကွက် ၇ မှာ စကစပြန်ထိုင်ထားပြီ ဘန်ဘားဘက်မှာ လဆန်းပိုင်းကလည်း တိုက်ပွဲဖြစ်တယ် ခနနပဲ ခုလောလောဆယ်တော့ ရွာအစွန်တွေမှာ တင်းမာတဲ့အခြေနေရှိနေတယ်”လို့ နောက်ထပ် ရပ်ကွက် ၇ နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

စန်းကားကျေးရွာအုပ်စုဟာ စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လေတပ်တည်ရှိရာ နန့်ပေါင်လေတပ်စခန်းနဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိပြီး နန့်ပေါင်လေတပ်စခန်းအတွက် လုံခြုံရေးအရ အလွန်အရေးပါတဲ့ရွာ ဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ မေလနှောင်းပိုင်း စန်းကားကျေးရွာအထက်ရှိ နောင်ဟီး- ကြက်ပေါင်ခြံကူးသို့နဲ့ ခတ်ချို- ဇီးလွန်ကသို့ ဖြတ်သန်းခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီး ရေကြောင်းတစ်လျှောက်ရှိ ကျေးရွာတွေမှာ လုံခြုံရေးတင်းကြပ်နေတာလည်း ဖြစ်ပါတယ်။

စန်းကားကျေးရွာ၊ခတ်ချိုကျေးရွာ၊ ရွှေညောင်ပင်၊အောင်မြေ ၁ ၊အောင်မြေ ၂ ကျေးရွာတွေဟာ ရွာနောက်ကျောချင်းဆက်ထားတဲ့ရွာတွေဖြစ်ပြီး မတ်လ ၇ ရက်နောက်ပိုင်း KIA ၊ KPDF တပ်ဖွဲ့တို့် အဓိက သွားလာလှုပ်ရှားတဲ့နေရာတွေ ဖြစ်ပါတယ်။

ဒေသခံအများပိုင်းကတော့ မတ်လ ၇ ရက်နေ့ နောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးနေပြီး အိမ်စောင့်အဖြစ် အနည်းအကျဉ်းသာကျန်ရှိတော့တာ ဖြစ်ပါတယ်။

December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...
ပုံစာ - ဒီဇင်ဘာလ ၅ ရက်နေ့ ကိုးကန့်တပ်ကို သွားရောက်ဆန္ဒပြတဲ့ အမျိုးသမီးအဖွဲ့နဲ့ ဒေသခံများ။
December 12, 2024
ရှမ်းမြောက် (ကြူကုတ်) ပန်ဆိုင်းမြို့တွင် အသက် ၂ နှစ်အရွယ် ကလေးငယ်ကို မုဒိန်းပြုကျင့်သည့်...