မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာတာပါ။
ဆောင်းရာသီ ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ တိုးချဲ့စိုက်ပျိုးရေးအတွက်ဆိုပြီး နိုဝင်ဘာ ၁၂ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ဦးအောင်ကြည်သိန်းက စားသုံးဆီ ဖူလုံစေဖို့အတွက် အခုနှစ်မှာ ဆီထွက်သီးနှံဖြစ်တဲ့မြေပဲကို ဧကပေါင်း ၃၀၀၀၀ နီးပါး၊ နေကြာ ဧကပေါင်း ၁၂၀၀၀ ကျော်၊ နှမ်းဧကပေါင်း ၂၀၀၀ ကျော် စိုက်ပျိုးဖို့ လျာထားကြောင်း ပြောလာတာပါ။
တောင်သူတစ်ဦးကတော့ ဆောင်းသီးနှံစိုက်ပျိုးရေးမှာ တောင်သူအများစုဟာ ကိုယ်ဒေသနဲ့ ကိုက်ညီတဲ့ သီးနှံတွေကိုသာ စိုက်ပျိုးနေကြပြီး အတင်းအကျပ် စိုက်ပျိုးခိုင်းပါက ကောင်းကျိုးထက် ဆိုးကျိုးများနိုင်တယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ဘက်ခြမ်းမှာတော့ သူ့ရဲ့နယ်နဲ့ကိုက်ညီတဲ့ သီးနှံပဲစိုက်မှာပေါ့။ အခုလက်ရှိ ကိုယ်လုပ်နေတဲ့ဟာက ဖြစ်ထွန်းအောင်မြင်တယ်ဆိုတော့ အဲဒီဥစ္စာကိုပဲ ပုံမှန်စိုက်တဲ့သီးနှံကိုပဲ စိုက်မှာပေါ့။ ဒီကတောင်သူတွေက တကယ်လို့ အဲဒီလိုမျိုး အတင်းအကျပ်ကြီးလုပ်လို့ရှိရင်တော့ အဆင်မပြေဘူးပေါ့။ တောင်သူတွေကောင်းကျိုးထက် ဆိုးကျိုးဘက်ခြမ်းကိုပဲ ရောက်သွားမယ်။ မကျွမ်းကျင်တဲ့ အလုပ်ကိုလုပ်ရင်တော့ တောင်သူတွေအဖို့ရာ ဒီနှစ်တစ်နှစ်ကတော့ ဆုံးရှုံးသွားမှာပေါ့”လို့ ဆိုပါတယ်။
ဆောင်းရာသီသီးနှံတွေကို စိုက်ပျိုးတဲ့နေရာမှာ မြေဆီလွှာပေါ်မူတည်ပြီး ကိုက်ညီတဲ့ သီးနှံကိုသာ စိုက်ပျိုးမှသာ အောင်မြင်ဖြစ်ထွန်းမှာဖြစ်ပြီး အခုလိုဒေသတွင်းနဲ့ မကိုက်ညီတဲ့ သီးနှံတွေကို စိုက်ပျိုးခိုင်းပါက အောင်မြင်မှုထက် ဆုံးရှုံးမှုပိုများမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်းဆောင်းသီးနှံလုပ်ငန်းရှင်တစ်ဦးကလည်း ဆီထွက်သီးနှံစိုက်ပျိုးရာမှာ အောင်မြင်မှုနည်းနိုင်တဲ့ ဒေသတွေရှိသလို ဆီထွက်သီးနှံနဲ့ကိုက်တဲ့ မြေတွေရှိပေမယ့် နည်းပညာအပါအဝင် ထောက်ပံ့ကူညီမှု အများကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။
“မော်လမြိုင်ခရိုင်ဆိုတော့ ဥပမာ သံဖြူဇရပ်၊ ရေးပေါ့ အောင်မြင်မှုနည်းမှာပေါ့။ ကျန်တဲ့မြေတွေကတော့ ဆီထွက်သီးနှံနဲ့ ကိုက်တဲ့မြေတွေပဲ။ ဒါပေမယ့် မြေတိုင်းတော့ မရဘူးပေါ့။ အဓိက က စိုက်ပျိုးရေးဝန်ထမ်းတွေက ဘယ်နေရာကတော့ နေကြာသီးနှံနဲ့ သင့်တော်တယ်။
ဘယ်နေရာကတော့ မြေပဲနဲ့သင့်တော်တယ်။ ဘယ်နေရာကတော့ နှမ်းနဲ့သင့်တော်တယ်ဆိုတဲ့ဟာတွေကို သတ်မှတ်ပေးရမယ်။ သတ်မှတ်ပြီးတဲ့အခါကျလို့ ရှိရင် ဒါကိုလည်း တောင်သူရဲ့အခက်အခဲတွေက အများကြီးရှိတယ်။ အခက်အခဲတွေကိုလည်း ဖြေရှင်းရမှာပေါ့။ အောင်မြင်အောင် လုပ်ချင်ရင်တော့ လုပ်ရမယ့်လုပ်ငန်းစဉ်က အများကြီးရှိတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ နှမ်းဆီကို စားသုံးလေ့မရှိတာ၊ မြေပဲဆီ ဈေးနှုန်းကလည်း ကြီးမြင့်တာအပြင် နေကြာဆီကလည်း ဈေးနှုန်းကြီးမြင့်ပြီး ရှားပါးတာကြောင့် အခုလိုစိုက်ပျိုးခိုင်းပေမယ့် လက်ရှိစားသုံးဆီဈေးနှုန်းလောက် လျော့ချရောင်းနိုင်မှသာ အဆင်ပြေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကတော့ ဆီထွက်သီးနှံတွေကို မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးဖို့၊ စိုက်နည်းစနစ်နဲ့ မြေအမျိုးအစား မှန်ကန်အောင် စိုက်ပျိုးဖို့၊ ပိုးမွှားအန္တာရာယ် ကြိုတင်ကာကွယ်ဖို့နဲ့ မြေဩဇာစနစ်တကျ သုံးစွဲပြီး သီးနှံတွေပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်ဖို့ သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ညွှန်ကြားထားတာပါ။
ဒေသတွင်းမှာ စားသုံးဆီအများစုကို ထိုင်းနိုင်ငံကနေ အဓိကတင်သွင်း သုံးစွဲနေရတာဖြစ်ပြီး စစ်ကောင်စီက လက်အောက်ခံ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ရောင်းချပေးတဲ့ စားအုန်းဆီတွေကိုတော့ အနည်းငယ်လောက်သာ သုံးစွဲမှုရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ဆောင်းရာသီ သီးနှံကို ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ မုဒုံ မြို့နယ်တွေမှာ အများဆုံး စိုက်ပျိုးတာဖြစ်ပြီး စိုက်ပျိုးသီးနှံအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲတီစိမ်းရွှေဝါတွေကို အဓိကစိုက်ပျိုးနေတာ ဖြစ်ပါတယ်။