မွန်ပြည်နယ်တွင် မိုးစပါးအထွက်နှုန်းကျသဖြင့် တောင်သူများ အရှုံးပေါ်

မွန်ပြည်နယ်တွင် မိုးစပါးအထွက်နှုန်းကျသဖြင့် တောင်သူများ အရှုံးပေါ်

မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါးပေါ်ကာလ၌ စပါးအထွက်နှုန်း သိသိသာသာ ကျဆင်းနေသောကြောင့် စပါးစိုက်တောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။  

ယခုနှစ်အတွင်း တိုင်ဖွန်းရာဂီမုန်းတိုင်းဒဏ်နှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများကြောင့် စပါးစိုက်ခင်းများ ရေနစ်ပျက်စီးခြင်း၊ ရိပ်သိမ်းရန်နှင့် အခြောက်လှန်းရန် အခက်အခဲရှိခြင်း၊ ပိုးမွှားများ ကျရောက်ခဲ့ခြင်းတို့ကြောင့် လယ်တစ်ဧကကို အများဆုံး တင်း ၄၀ ဝန်းကျင်သာ ထွက်ရှိပြီး လယ်တချို့ တစ်ဧက ၂၅ တင်းသာ ထွက်ရှိသည်ဟု  ဆိုသည်။

“ပိုးကျများတော့ စပါးပင်တွေ ပျက်စီးတယ်၊ ပြီးတော့ ရိတ်သိမ်းဖို့ကလည်း အလုပ်သမားတွေ ရှာရခက်တယ်၊ ကုန်ကျစရိတ်တွေလည်း အကုန်စျေးကြီးတယ်။ တချို့တွေဆို ရိတ်သိမ်းဖို့ အလုပ်သမားတွေရှာမရတော့ ရိတ်သိမ်းရတဲ့ အချိန်မှာ မရိတ်သိမ်းရတော့ ပျက်စီးကုန်တယ်” ဟု ကျိုက်မရောမြို့နယ် စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။

တစ်ဖက်တွင်လည်း အလုပ်သမားစရိတ်အပါအဝင် သွင်းအားစု ကုန်ပစ္စည်းများပါ စျေးနှုန်းကြီးမြင့်နေမှုကြောင့် လယ်တစ်ဧကအတွက် စိုက်ပျိုးရေးကုန်ကျစရိတ် ကျပ် ၁၁ သိန်းကျော် ကုန်ကျခံနေရသော်လည်း စပါးစျေးကွက်တွင် စျေးကောင်းမရသောကြောင့် အရှုံးခံပြီး လယ်လုပ်နေကြရသည်ဟု စပါးစိုက်တောင်သူတို့က ဆိုသည်။

“မနှစ်ကတော့ ရသေးတယ်။ ဒီနှစ်က ပိုဆိုး ရိတ်သိမ်းခ တစ်ဧက ၁ သိန်း ၇သောင်းအထိ ရှိတယ်။ အထွက်နှုန်းကလည်း နည်း၊ ကုန်ကျစရိတ်တွေ စျေးကြီးတော့၊ အမြတ်မပြောနဲ့ အရင်းလည်း မရဘူး၊ အရှုံးပဲပေါ်နေတယ်။ ကိုယ်တွေက လယ်ပဲလုပ်တယ်၊ အခုက လယ်သမားတွေ အကုန်စိတ်ညစ်နေကြတယ်” ဟု ဘီးလင်းမြို့နယ် တောင်သူတစ်ဦးမှ သိရသည်။

ယခုနှစ် စပါးစျေးနှုန်းသည် ဆန်းကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ ကို ကျပ် ၁၆ သိန်းကျော်၊ ဆန်းချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂၂ သိန်းခန့်သာ ပေါက်စျေးရရှိနေသည်။

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်ဧကပေါင်း ၇ သိန်းနီးပါး စိုက်ပျိုးလေ့ရှိပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိသည်ဟု သိရသည်။

November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...
November 12, 2024
ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်နှင့်...
November 12, 2024
ယခုနှစ် ပွင့်လင်းရာသီကာလ ရာဘာအစေးခြစ်လုပ်ငန်းစတင်ချိန်၌ မွန်ဒေသတဝိုက်တွင်...