တောင်ငူမြို့နယ် နေရပ်ရှောင် ၄,၀၀၀ ထောင်ခန့် လမ်းပိတ်ဆို့မှုကြောင့် အိမ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာ အဓိကလိုအပ်နေ

တောင်ငူမြို့နယ် နေရပ်ရှောင် ၄,၀၀၀ ထောင်ခန့် လမ်းပိတ်ဆို့မှုကြောင့် အိမ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာ အဓိကလိုအပ်နေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ကျေးရွာပေါင်း(၅)ရွာထက်မနည်းမှ စစ်ဘေးရှောင်ဦးရေ (၄,၀၀၀)ခန့် စစ်ကောင်စီက လမ်းပိတ်ဆို့မှုများကြောင့် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ အဓိကလိုအပ်မှုရှိနေကြောင်း ၎င်းတို့ကို အကူအညီပေးနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက်နေ့က စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားသည့်အကြား လက်နက်ကြီးကျရောက်ခဲ့သည့် ကွမ်းသီးပင်ကျေးရွာနှင့် အနီးတဝိုက်ရွာများမှ ရွာနေလူထု (၄,၀၀၀)ခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးကြရခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့် ရွာသို့အဝင်အထွက်လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အပြင် နယ်မြေတည်ငြိမ်မှုမရှိသေးသဖြင့် အဆိုပါစစ်ရှောင်များ ယနေ့အထိနေရပ်မပြန်နိုင်ဘဲ အခြေခံစားနပ်ရိက္ခာ အဓိကလိုအပ်မှုရှိနေသည်ဟု စစ်ရှောင်များအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“ဘယ်သူမှအိမ်မပြန်ရဲသေးဘူး။ လမ်းကြောင်းတွေပိတ်ထားတယ်။ နောက်ပြီး တပ်တွေ၊ အဖွဲ့တွေလည်း  ရှိနေသေးတော့ နီးစပ်ရာရွာတွေ၊ ရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ အသိအိမ်တွေမှာ နေကြတယ်။ စားစရာ တော့အဓိကလိုတာပေါ့။” ဟု ထိုအကူအညီပေးနေသည့်ဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် နေရပ်စွန့်ခွာရစဥ် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးလွှားလာရသည့် စစ်ရှောင်များလည်းရှိနေပြီး ရာသီဥတု အအေးပိုလာပါက အနွေးထည်နှင့်စောင်များ လိုအပ်လာမည်ဖြစ်သည်ဟု စစ်ရှောင်များ နေရပ်ရွှေ့ပြောင်းရန် လိုက်ပါကူညီနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များ ဆိုသည်။

ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိနေသည့် ကမ်းနီ၊ ညောင်စခန်း၊ ဘာနှောင်း၊ ကွမ်းသီးပင်၊ ဂုံမင်းအိုင်၊ လက်ပံတံခါး အစရှိသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်များအား တောင်ငူမြို့နယ်တွင်းအခြေစိုက်လှုပ်ရှားနေသည့် အသင်းအဖွဲ့များအပါအဝင် ဒေသခံတို့မှလည်း တစ်နိုင်တစ်ပိုင်အကူအညီပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ပထမအပတ်က တောင်ငူမြို့နှင့်နယ်နိမိတ်ချင်းဆက်စပ်နေသည့် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှ ကျေးရွာများသို့ စစ်ကောင်စီက ဒရုန်းနှင့်လက်နက်ကြီးသုံးတိုက်ခိုက်မှုကြောင့် ယနေ့အချိန်ထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသည့် ဒေသခံအချို့လည်း ပါဝင်နေသည်။

ရေတာရှည်မြို့နယ်သို့ စစ်တပ်ကလက်နက်ကြီးတိုက်ခိုက်စဥ်တွင်လည်း ဒေသခံအမျိုးသမီး(၁)ဦးသေဆုံး၍ အခြားဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နိုဝင်ဘာလ(၈)ရက်နေ့က တောင်ငူမြို့နယ်ရှိ ကွမ်းသီးပင်ကျေးရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု၌ ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...
November 20, 2024
ကယား(ကရင်နီ)ပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်အတွင်းရှိ ဘန်ကောက်စစ်ရှောင်စခန်းကို...