ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ

ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သောင်းကျော် စစ်ဘေးရှောင်နေရ

ရှမ်း - ကရင်နီ နယ်စပ်တွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ နှစ်သောင်းကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ရှမ်း - ကရင်နီ ပြည်နယ်စပ်က ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO/PNA ပူးပေါင်းတပ်နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တို့အကြား အောက်တိုဘာလ ပထမပတ်မှစတင်၍ ယနေ့အချိန်ထိ တိုက်ပွဲများ

ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကရင်နီလူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ် က “ပင်လောင်းနဲ့ ဖယ်ခုံအစပ်ကရွာတွေ တော်တော်များများ ပြေးကြတယ်။ နောက်ပြီးတော့မှ ဖယ်ခုံနဲ့ နီးကပ်တဲ့ ကျေးရွာတွေလည်းတော်တော် ပြေးကြတာ ရှိတယ်။ ဖယ်ခုံဖက်ကြီးပဲ မဟုတ်ဘူးပေါ့။ ကရင်နီဖက်ကနေ လွိုင်ကော်လည်းပါတယ်ပေါ့နော်။ တစ်ချို့ကျတော့ အဲဒီမှာ ပြေးသွားကြတဲ့ သူတွေရှိတယ်။ သူတို့သွားခိုတဲ့ ရွာကနောက်တစ်ခေါက် ထပ်ပြေးရတယ်။ လူဦးရေကတော့ ၂၀၀၀၀ နီးပါးလောက်ပေါ့နော်” ဟု ပြောသည်။

ဖယ်ခုံနှင့် ပင်လောင်းတစ်ကြောရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်က ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး ကျေးရွာပေါင်း ၆ ရွာမှာမူ ရွာလုံးကျွတ် တိမ်းရှောင်ရခြင်း ဖြစ်သည်ဟု ခူးကိုရယ်က ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် လက်ရှိတွင် ပင်လောင်းမြို့ပေါ်၌ သွားရောက်ခိုလှုံနေကြပြီးနောင်တရား မြို့နှင့် ညောင်ရွှေမြို့နယ်ဘက်သို့လည်း စစ်ဘေးရှောင်သူများ ရှိနေသည်။ နောင်တရားမြို့သည် ပအိုဝ်းလူမျိုးများ နေထိုင်ပြီး တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်ထဲက မြို့နယ်ခွဲအဆင့်ရှိ သည့် မြို့တစ်မြို့ ဖြစ်သည်။

ထို့အပြင် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိဗန်းမောက်ကျေးရွာတွင် ထော်လာဂျီဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသော ဒေသခံများကိုစစ်ကောင်စီက ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒေသခံတစ်ဦးက “ဗန်းမောက်ရွာမှာ သူတို့ထွက်ပြေးဖို့ လုပ်နေတုန်း ဒရုန်းဗုံးက တည့်တည့်ကျလာတာပေါ့နော်။ ကျလာတော့ အဲ့ဒီမှာ အမျိုးသမီး ၃ ဦး၊ ကလေးမလေးတစ်ဦး ပါတယ်ပေါ့နော်။ အသက်ကတော့ ၈ နှစ် လောက်ပဲ ရှိသေးတယ်ပေါ့နော်။ ဒီဟာကို ကျနော်တို့ ကြည့်ပြီး ပြောလို့ရှိရင်စစ်ကောင်စီ နဲ့ PNO တွေ ပေါ့နော် စစ်ဘေးရှောင်တွေကို တိုက်ခိုက်လာနေတာတော့ရှိတယ်ဒရုန်းအသုံးပြုပြီးတော့ပေါ့” ဟု ပြောသည်။

ရှမ်း - ကရင်နီနယ်စပ်တွင် နိုဝင်ဘာလ ပထမပတ်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီသည် ကရင်နီပြည်အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အရေးကြီးသည့်လမ်းပိုင်းများအား ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ခူးကိုရယ်က ဆက်ပြောသည်။

“သူတို့ လက်လွှတ် ဆုံးရှုံးလိုက်ရတဲ့ ကရင်နီပြည်အတွင်းက နေရာတွေကို သူတို့အင်အား ပြန်ဖြည့်ဖို့ဖြစ်တယ်။ စစ်လက်နက်တွေ သူတို့ပြန်ဖြည့်ဖို့ ရှိတယ်ဆိုတော့ လမ်းကြောင်းက ၃ ကြောင်းလောက်ရှိမယ်ပေါ့နော်။ သူတို့ ဝင်လာနိုင်တဲ့ လမ်းကြောင်းက ပင်လောင်းဖက်ရှိမယ် ပြီးရင် ညောင်ရွှေဖက်ရှိမယ်။ လွိုင်ကော်ကို သူတို့ ပြန် ထိန်းချုပ်တာရှိမယ်။ ပြီးတော့ လွိုင်ကော်ကနေ တစ်ဆင့်ကရင်နီတောင်ဖက်ကို သူတို့အင်အား ပြန်ဖြည့်ဖို့ရှိမယ်။ ဒါတွေက အဓိက အကြောင်းအရင်းပေါ့နော်။”

အောက်တိုဘာလ ပထမပတ်မှစတင်ကာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ်အဖွဲ့တို့ဘက်က ဒရုန်းအပြင် လေကြောင်းမှ တိုက်ခိုက်မှုများပါ လုပ်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများအပြင် အရပ်သားပြည်သူများပါ ထိခိုက်သေဆုံးမှုများ ရှိနေသည်ဟု ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

လက်ရှိတွင် ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများတွက် စားနပ်ရိက္ခာများ၊စောင်၊ အမိုးအကာများ လိုအပ်နေပြီး ကျေးရွာများထဲ ကျန်ခဲ့သည့် ဒေသခံများကိုလည်း စစ်ကောင်စီကလူသားဒိုင်းကာ အဖြစ် အသုံးပြုခံရမှာ၊ တိုက်ပွဲများထဲ ပိတ်မိသွားမှာကို စိုးရိမ်နေကြသည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...