မင်းတပ်မြို့နယ် စကစ လေကြောင်းတိုက်ခိုက်မှု စိတ်ဝမ်းကွဲအောင်ရည်ရွယ်ခြင်းဟုဆို

မင်းတပ်မြို့နယ် စကစ လေကြောင်းတိုက်ခိုက်မှု စိတ်ဝမ်းကွဲအောင်ရည်ရွယ်ခြင်းဟုဆို
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။ ဓါတ်ပုံ - HKL ။

ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စိတ်ဝမ်းကွဲပြားစေရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မင်းတပ်မြို့နယ်တာဝန်ရှိသူက ပြောဆိုလိုက်သည်။

“ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေကို စိတ်ဝမ်းကွဲစေဖို့ ၊ ပြည်သူတွေကို ဒုက္ခများအောင်လုပ်ခြင်းအားဖြင့် တော်လှန်ရေးကို မထောက်ခံအောင် ငြိုငြင်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့မြင်ပါတယ်” ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆလိုင်းယောမန်က မဇ္ဈိမကို ပြောသည်။

စာသင်ကျောင်း ၊လူနေအိမ် ၊ ဘုရားကျောင်းများအပါအဝင် အရပ်သားပစ်မှတ်များကို တိုက်ခိုက်နေခြင်းသည် လက်ဦးမှုရယူပြီး ချိုးနှိမ်ရန် ကြိုးစားနေသည့်သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

မင်းတပ်မြို့အနီးတနေရာကို နိုဝင်ဘာလ ၅ရက်နေ့က နေပြည်တော် အေလာလေတပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ပြီး ဗုံးလေးလုံး ကြဲချသွားသည့်အပြင် ပွိုင့်ဖိုက် စက်သေနတ်ဖြင့်လည်း ရမ်းသန်းပစ်ခတ်သွားကြောင်း ဒေသခံထံက သိရသည်။

အလားတူ မင်းတပ်မြို့နယ် တိုက်နယ်အမှတ်(၃) အတွင်း ယမန်နေ့ (နိုဝင်ဘာလ ၆ရက်)  နံနက် ၂နာရီ ၁၁မိနစ်နှင့် ၂နာရီ ၁၇မိနစ်တို့တွင် ပေါင် ၅၀၀ဗုံးဖြင့် ကြဲချခဲ့ပြီး စက်သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ် ခုနစ်လုံးနှင့် ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း နှစ်ကျောင်းပျက်စီးသွားခဲ့သည်ဟု ဒေသခံက ထုတ်ဖော်ထားသည်။

“ကာကွယ်ရေးအဖွဲ့တွေရှိလို့ စစ်ဘေးရှောင်အဖွဲ့တွေလာလို့ အတိုက်ခိုက်ခံရတာလို့ ပြည်သူတွေက ယုံကြည်ကြောက်ရွံ့လာပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ လူထုအကြား စိတ်ဝမ်းကွဲဖို့ ရည်ရွယ်လုပ်ဆောင်နေတာလို့ မြင်ပါတယ်” ဟု Mindat Township IDPs Camp Management Committee တာဝန်ခံ ကိုလောရင့်စ် က မဇ္ဈိမကို ပြောသည်။

မင်းတပ်မြို့နယ်ကို ၂၀၂၃ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့ပြီးနောက်ပိုင်း မြေပြင်မှ လာရောက်နိုင်ခြင်းမရှိတော့ဘဲ လေကြောင်းမှ တိုက်ခိုက်ခြင်းများကို အရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

အရပ်သားပစ်မှတ်များဖြစ်သော ရပ်ရွာလူထုအစည်းအဝေး ၊ ကားအများစု ရပ်ထားသောနေရာများ ၊စာသင်ကျောင်း ၊ ဘုရားကျောင်းများကို အဓိကထား၍ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုလော့ရင့်စ်က ဆက်ပြောသည်။

မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်ရေးအခြေအနေများကို အသေးစိတ်မသိရသော်လည်း ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ဒေသတွင်းရှိ ပြည်သူများကို လေကြောင်း ၊ လက်နက်ကြီးနှင့် မိုင်းအန္တရယ်များအတွက် အသိပေးခြင်းများနှင့် နေအိမ်များအနီး ကတုတ်ကျင်းများကို စနစ်တကျ တူးထားကြရန် မင်းတပ် ပအဖ အနေဖြင့် အသိပေးခြင်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းမှ ၇၇ကြိမ် တိုက်ခိုက်ခဲ့ပြီး ဒေသခံများ၏နေအိမ် ၃၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် (CDF – Mindat) က နိုဝင်ဘာလ ၁ရက် နေ့တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့တွင် ညအချိန်စစ်ဆေးမှုများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်။ (ပုံ-အဟောင်း)
January 7, 2025
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် အမျိုးသားတဦး သေနတ်ဖြင့်ပစ်ခတ်ခံရကာ သေဆုံးပြီးနောက်...
January 6, 2025
ပုံမှန်အားဖြင့် လျှပ်စစ်မီးပြတ်တောက်မှုမရှိခဲ့သည့် ဝန်ထမ်းအိမ်ရာများနှင့် ရပ်ကွက်များအပါအဝင်...
ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် မန္တလေးတိုင်း၌ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများပြုလုပ်ရာ မြို့ရွာများပြမြေပုံ (မြေပုံ − SHRF)
December 20, 2024
မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီမံကိန်းတခုဖြစ်သော ကျောက်ဖြူ − မူဆယ် အမြန်ရထားလမ်းကို...
December 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစု၌ ဆေးဝါးပြတ်လပ်မှု ကြုံတွေ့နေရပြီး ကျန်းမာရေးပြဿနာ‌...