ပလက်ဝ စစ်ရှောင်များ ဆေးဝါးအပါအဝင် ကျန်းမာရေး ထောက်ပံ့မှုများ လိုအပ်

ပလက်ဝ စစ်ရှောင်များ ဆေးဝါးအပါအဝင် ကျန်းမာရေး ထောက်ပံ့မှုများ လိုအပ်
khonumthung (ပုံဟောင်း)
khonumthung (ပုံဟောင်း)

ချင်းပြည်၊ ပလက်ဝဒေသမှ ဘေးလွတ်ရာကို ထွက်ပြေးနေကြရသည့် စစ်ရှောင်များ ဆေးဝါး ပြတ်လပ်မှု၊ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ မရတော့အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

စစ်ရေးပဋိပက္ခများကြောင့် ဆမီး၊ ကန်ထောင်၊ ပလက်ဝဒေသမှ ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးဒုက္ခ သည် တစ်သောင်းခွဲကျော်နှင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ဘက်ခြမ်းတွင် ခိုလှုံနေရသော စစ်ရှောင် လေးထောင်ကျော်တွက် အရေးပေါ် ဆေးဝါးများ လိုအပ်နေသည်။

မီဇိုရမ်ပြည်နယ်ဘက်ခြမ်းမှလည်း ဆေးဝါသယ်ယူခွင့်ကို ပိတ်ပင်ထားသည့်အတွက် စစ်ရှောင်များ နေထိုင်သည့် နေရာများတွင် အောက်တိုဘာလကုန်အထိ ဆေးဝါးများ ပြတ်လပ်လာနေပြီး မသေဆုံးသင့်ဘဲ သေဆုံးခဲ့ရသူများပင် ရှိလာနေသည်ဟု ပလက်ဝ စစ်ရှောင်နှင့် လူသားချင်းစာနာမှု ထောက်ပို့ (Paletwa IDPs and Humanitarian Supporting) အဖွဲ့ တာဝန်ခံ ဆလိုင်းစိုးသန်းက ပြောသည်။

“တစ်ချို့ကကျတော့ မသေသင့်ဘဲနဲ့ သေခဲ့ရတဲ့ ကလေးငယ်တွေရော ရှိတယ်။ လူကြီးပိုင်းတွေရော ရှိတယ်။ ဆေးဝါးလုံလောက်မှု မရှိ ဝယ်ယူဖို့လည်း ခက်ခဲတဲ့ အခါကျတော့ ဒါတွေကို နေ့စဉ်နဲ့အမျှ ကြုံနေရတဲ့ စိန်ခေါ်မှု တွေတော့ ကြုံနေရတယ်လို့တော့ ပြောလို့ရတယ်။”

ဒေသတွင်း ဆေးရုံဆေးခန်းများ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့သလို၊ ကျန်းမာရေးဝန်ထမ်းများလည်း မရှိတော့ဘူးဟု ဆလိုင်းစိုးသန်းက ဆက်ပြောသည်။

“ဆေးဝါးလုံလောက်မှု မရှိဘူး။ ပြီးတော့ ဆေးရုံဆေးခန်း သွားဖို့နေရာလည်း မရှိဘူး။ ပြီးတော့ လမ်းပန်းဆက် သွယ်ရေးအရ အဲ့လိုမျိုး နာမကျန်းဖြစ်တဲ့ အချိန်မှာ သွားရေးလာရေးအတွက် တော်တော်လေး ခက်ခဲပြီးမှ ဆေးဝါးမရှိတဲ့အတွက် အဲ့လို မသေသင့်ဘဲနဲ့ သေတဲ့ဟာတွေ၊ နောက်ပြီးတော့ မိုင်းထိတဲ့ အချိန်မှာလည်း ဆေးဝါးကုသတဲ့ နေရာမှာ ဆေးဝါးလုံလောက်မှု မရှိလို့ သေသွားတဲ့ ပြည်သူတွေလည်း ရှိတာပေါ့နော်။ အဲ့ဒါကို အခြေခံလိုက်ရင်တော့ ဆေးဝါးကို ကျနော်တို့ရဲ့ တစ်မြို့နယ်လုံး အနေအထားမှာ ဆေးဝါးက အရေးတကြီး လိုအပ်တယ်ဆိုတာကို ကျနော်တို့က ပြောနေရတာ ဖြစ်ပါတယ်။”

အိန္ဒိယ-ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းကိုလည်း အိန္ဒိယဘက်က ပိတ်ထားသည့်အပြင် စစ်အာဏာ မသိမ်းခင်က ပက္ခုက္ကူ – မင်းတပ် – မတူပီ – ပလက်ဝ လမ်းကြောင်းနှင့် ရခိုင်ပြည်က လာသော လမ်းကြောင်းတို့မှ အဓိက ကုန်စည်စီးဆင်းပြီး လက်ရှိတွင် အဆိုပါ လမ်းကြောင်းများမှလည်း ကုန်စည်စီးဆင်းမှု မရှိတော့ဘူးဟု ဆိုသည်။

ထို့ကြောင့် ပလက်ဝ စစ်ရှောင်ပြည်သူများသည် ရိက္ခာနှင့် ဆေးဝါးအတွက် မီဇိုရမ် လမ်းကြောင်းတစ်ခုတည်းကိုသာ အဓိက အားထားနေကြရသည်။

ကုန်စည် လမ်းကြောင်းများ ပိတ်ဆို့မှု၊ အလုပ်ကိုင်ရှားပါးမှုနှင့် စားဝတ်နေရေး မပြေလည်မှုတို့ကြောင့် စားနပ် ရိက္ခာနှင့် ဆေးဝါး အခက်အခဲများ ဖြစ်နေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေပေးနေသူများနှင့် စစ်ရှောင် များက ပြောသည်။

မီဇိုရမ်ဒေသရောက် ပလက်ဝစစ်ရှောင်တစ်ဦးက “တော်လှန်ရေးကာလ ကြာလာလေလေ ပြည်သူတွေက စားဝတ်နေရေး၊ အခြေခံစားသောက်ကုန်တွေ ပြီးတော့ အခြေခံဆေးဝါးတွေ တော်တော်လေးကို ပြတ်တောက် သွားနိုင်တယ်။ အဲ့ဒါကြောင့် နိုင်ငံတကာရဲ့ အလှူရှင်တွေနဲ့ ပြီးရင်တော့ အိမ်နီးနားချင်းမှာ ရှိတဲ့ အဖွဲ့အစည်းများက ဝိုင်းဝန်းပြီးမှ ပံ့ပိုးကူညီသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ပလက်ဝမြို့ပေါ်တွင် အာဏာမသိမ်းခင်ကတည်းက စစ်ရှောင်များ ရှိနှင့်ပြီးသား ဖြစ်သလို စစ်တပ်က အာဏာ သိမ်းပြီးနောက် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ကြားက တိုက်ပွဲများကြောင့် နဂိုရှိနှင့်ပြီးသား စစ်ရှောင်များနှင့် ပလက်ဝမြို့ဒေသခံများအားလုံးမှာ ဘေးလွှတ်ရာကို ထပ်မံစစ်ဘေးရှောင်ခဲ့ကြရသည်။

လက်ရှိအချိန်ထိလည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပြင် အာရက္ခတပ်တော်အပြင် အခြား ချင်းတော် လှန်ရေးအဖွဲ့များ၏ တပ်သားသစ်စုဆောင်းနေမှုတို့ကြောင့် ပလက်ဝစစ်ရှောင်အများစုက နေရပ်ကို မပြန်ရဲကြသေးဘူးဟု ဆိုသည်။

လက်ရှိ ချင်းပြည်တောင်ပိုင်းရှိ AA ထိန်းချုပ်သည့် ဒေသများနှင့် CDF – Paletwa ထိန်းချုပ်သည့် နေရာများတွင် ဆေးဝါးပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

Most read this week

November 22, 2024
ကချင်ပြည် နှင့် စစ်ကိုင်းတိုင်း နယ်အစပ်၊ ဆယ်ဇင်းကျေးရွာ အနီးရှိ ရှမ်းနီအမျိုးသားများတပ်မတော်SNA...
November 22, 2024
ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအား...
November 21, 2024
မူဆယ်မြို့မှ နမ့်ခမ်းမြို့သို့ ကုန်ပစ္စည်းသယ်ယူမှုများကို စစ်ကောင်စီက ပိတ်ထားသည်ဟု မူဆယ်ဒေသခံက...
November 21, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေး၊ ရေဘေးနှင့်...