နိုင်ငံတကာ၊ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီသွားနိုင်မှသာ နိုင်ငံရေးပြဿ နာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း KNU ပြော

နိုင်ငံတကာ၊ ပြည်သူနှင့် တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီသွားနိုင်မှသာ နိုင်ငံရေးပြဿ နာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း KNU ပြော

ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ စုစည်းညီညွတ်၍ နိုင်ငံတကာနှင့်ဟန်ချက်ညီညီသွားနိုင်မှသာ အမြစ်တွယ်နေသော နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ပြောဆိုလိုက်သည်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကရင်နီအမျိုး သားတိုး တက်ရေးပါတီ-KNPP နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG တို့ ပူးပေါင်းထုတ်ပြန်ခဲ့ပြီးသော ဘုံသဘောထားရပ်တည်ချက်များအပေါ် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ပေါ် တိုးတက်မှု များနှင့်ပတ်သက်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားသွားခြင်းဖြစ်သည်။

“အမြစ်တွယ်နေတဲ့ ဒီနိုင်ငံရေးပြဿနာက တစ်ဖွဲ့ချင်းဖြေရှင်းလို့ မရဘူး။ နိုင်ငံတကာရဲ့ ယန္တရားရော ပြည်တွင်းအင်အားစုတွေဘက်က မူဝါဒအရ စုစည်းညီညွတ်ပြီး ပြည်သူအပါအဝင် ဦးတည်ချက် တစ်ခုတည်းသွားတဲ့ လှုပ်ရှားမှု လိုအပ်ပါတယ်။ နိုင်ငံတကာက မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာကိုချဥ်းကပ်ပုံမတူတဲ့အခါ စစ်တပ်အတွက် အခွင့်အရေးရပြီး တချို့နိုင်ငံတွေကလည်း သူတို့အကျိုးစီးပွား အတွက် လုပ်ကြတယ်။  နိုင်ငံတကာနဲ့ပြည်တွင်းက သွားတဲ့ပုံက ဟန်ချက်ညီမယ်ဆို စစ်တပ်က ဘယ်လိုမှမခံနိုင်ဘူး”ဟု ပဒိုစောတာဒိုမှူးက မီဒီယာများကို ဖြေကြားထားသည်။

နိုင်ငံတကာအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၏ အရင်းခံဖြစ်သည့် လေယာဥ် ဆီအပြင် လက်နက်ခဲယမ်းများကို မြန်မာစစ်ကောင်စီထံ ရောင်းချပေးနေမှုအပေါ် စစ်ရာဇဝတ်မှု များကို အားပေးကျူးလွန်ရာရောက်၍ ၎င်းလုပ်ရပ်များကို ရပ်တန့်ရမည်ဖြစ်သည်ဟုလည်း ပဒိုစော တာဒိုမှူးက ထောက်ပြပြောဆိုသည်။

NUG နှင့် K2C အနေဖြင့်မူ ဇန်နဝါရီလ(၃၁)ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့ပြီးသော ဘုံသဘောထားရပ် တည်ချက်နှင့်လုပ်ငန်းစဥ်များအတိုင်း အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိသလို ၎င်း၏ ကနဦးခြေလှမ်းဖြစ်သည့် ပြည်နယ်အားကောင်းရေး ဖက်ဒရယ်မူအား တော်လှန်ရေးအဖွဲ့များကြား စုပေါင်းသဘောထားထုတ်ပြန်၍ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

KNPP ၏ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က “အခုက Mindset တွေရော အရာရာကို ပြောင်းလဲ ရမယ့် စနစ်ပြောင်းတော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့် Bottom-Up Federalism ကို သွားမယ့်ပုံစံနဲ့ချဥ်းကပ်ကြတာ။ ကရင်နီပြည်နယ်ဆိုလည်း IEC တို့ကြားကာလ လွှတ်တော်တို့လို ဖွဲ့စည်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကို စကျင့်သုံးလာပြီ။ ဒါတွေအားကောင်းလာရင် Bottom-Up Federalism အားကောင်းလာမှာဖြစ်တယ်။”ဟု သတင်းစာရှင်းလင်းပွဲတွင် ကေအိုင်စီ၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

၎င်းအပြင် NUG နှင့် K2C  ၏ ဘုံသဘောထားရပ်တည်ချက်များဖြစ်သည့် အကြမ်းဖက်မှုကို ဖယ်ရှား၍ စစ်တပ်က နိုင်ငံရေးတွင်ပါဝင်နေမှုကို အဆုံးသတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအသစ်ဖြစ်ပေါ်လာရေးနှင့် အသွင် ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ယနေ့ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲသို့ ကေအဲန်ယူမှ ပဒိုစောတာဒိုမှူးနှင့် KNPP မှ ဦးအောင်ဆန်းမြင့်၊ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် NUG ၏နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပြင် အခြားသော သက်ဆိုင်ရာတာဝန်ရှိသူများ သတင်းမီဒီယာများအပါအဝင် စုစုပေါင်း လူပုဂ္ဂိုလ် ၆၀ ကျော်တက်ရောက်ခဲ့ကြသည်။

Most read this week

January 23, 2025
ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု...
January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...
January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...