သီပေါမြို့ လုံခြုံရေးကင်းမဲ့ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရ

သီပေါမြို့ လုံခြုံရေးကင်းမဲ့ နေအိမ်များ ဖောက်ထွင်းခိုးယူခံနေရ

သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် ခလရ-(၂၃) တပ်ရင်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် သူခိုးများ သောင်းကျန်းလာပြီး ပြည်သူနေအိမ်များ ပစ္စည်းဖောက်ထွင်း ခိုးယူခံနေရကြောင်း ဒေသခံများက ပြောသည်။

“တချို့လည်း ပြန်ကြတယ်၊ အိမ်သန့်ရှင်းရေး ပြန်လုပ်ကြတာပေါ့။ တချို့ကြလည်း မပြန်ရင် အိမ်သိမ်းမယ်ဆိုတဲ့ ကောလာဟလတွေ ယုံပြီး ပြန်ကြတဲ့လူလည်း ရှိတာပေါ့။ လူမနေတဲ့အိမ်ဆိုရင်တော့ သူခိုးဝင်ဖောက်ခံရတယ်၊ တုံစင့်ဘက်က ကျနော့်အိမ်လည်း ပစ္စည်းခိုးခံရတယ်။ အထဲက ပစ္စည်း အကုန်ဝင်မွှေသွားတာ”ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် အသက် (၄၀) ကျော်အရွယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဩဂုတ်လတွင် စစ်ရေးပြန်လည် ပြင်းထန်ခဲ့သည့် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်များကို TNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၂ လကျော်အတွင်း မြို့နေလူထု ထက်ဝက်ကျော်မှာ ဘေးလွတ်ကင်းရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၎င်းစစ်ဘေးရှောင်ပြည်သူများသည် လေကြောင်းဗုံးအန္တရာယ် စိုးရိမ်မှုကြောင့် နေရပ်မပြန်ရဲသေးဘဲ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်နေထိုင်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“စိတ်ပူတာကတော့ အိမ်မပြန်ရင်လည်း သူခိုးရန် ကြောက်ရတယ်။ ကိုးကွယ်တဲ့ ဘုရားဆင်းတုက အစ ဘုရားပန်းအိုး၊ အိပ်ယာ၊ ခေါင်းအုံးအထိ အကုန်လုံး ယူသွားကြတယ်။ အိမ်ပြန်နေရင်လည်း လေယာဉ်နဲ့ ဗုံးထပ်လာကြဲမှာ စိတ်ပူရတယ်၊ စိတ်ထဲ မလုံခြုံသလို ဖြစ်တယ်။တစ်ရက်လောက် မြို့ထဲဝင် အိမ်ပြန်ကြည့်တာပဲ လုပ်တယ်၊ အိမ်မှာ မအိပ်ရဲဘူး”ဟု ၎င်းဒေသခံအမျိုးသားက ဆက်ပြောသည်။

လက်ရှိ သီပေါမြို့ပေါ် ရွှေဓားကျောင်းတိုက်၊ ရေဟော်ဘုန်းကြီးကျောင်းနှင့် ဘိုးတော်ကျောင်းတို့တွင် စစ်ဘေးရှောင် (၁၀၀၀) ကျော် ဆက်လက်တိမ်းရှောင် ခိုလှုံနေပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို TNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်၏ အရပ်သားပစ်မှတ် ဦးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ (၃၃) ဦး သေဆုံးပြီး (၈၀) ဦး ဒဏ်ရာရရှိကာ စာသင်ကျောင်း (၂) ကျောင်းနှင့် ပြည်သူနေအိမ် (၄၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ အောက်တိုဘာလ (၁၅) ရက်တွင် သတင်းထုတ်ပြန်ထားသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...