လမ်းကြောင်း ပိတ်ဆို့ခံထားရသည့် တနသာႅရီတိုင်း ဒေသအချို့ ရိက္ခာပြတ်နေဟု ဆို

လမ်းကြောင်း ပိတ်ဆို့ခံထားရသည့် တနသာႅရီတိုင်း ဒေသအချို့ ရိက္ခာပြတ်နေဟု ဆို

တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း ပိတ်ဆို့ထားလိုက်ရာ စားနပ်ရိက္ခာပြတ်လပ်သည့် အခြေအနေနှင့် ကြုံတွေ့နေရပြီး ကုန်စျေးနှုန် အဆမတန်မြင့်တက်နေကြောင်း စစ်ရှောင်များအရေး အကူအညီပေးနေသူတို့က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ တနင်္သာရီနှင့် လောင်းလုံးမြို့နယ်တို့တွင် စစ်ရှောင်များ အတွက် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရန် အသုံးပြုနေသည့် ဘန်လောတောလမ်း၊ ကရင်ကြီး တောလမ်းနှင့် ထုံတော်လမ်းတို့ကို စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး စစ်ကောင်စီက ပိတ်ဆို့လိုက်သည်ဟု ဆိုသည်။

“အားလုံး ဘာမှ သယ်လို့ မရဘူး၊ စားနပ်ရိက္ခာတွေရယ်၊ အသုံးဆောင်ပစ္စည်းတွေရယ် အရင်က ဆို မှောင်ခိုလမ်းကနေ သယ်ကြတာလေ၊ အဲဒီမှောင်ခိုလမ်းတောင်မှ စစ်တပ်က သိသွားပြီး သူတို့ပိတ်လိုက်တော့ အစ်မတို့ ရွာထဲမှာ ဆန်တွေလည်း မရှိတော့ဘူး” ဟု စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသူ မငြိမ်းက ပြောသည်။

စားနပ်ရိက္ခာသယ်နေသည့် လမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ဒေသအတွင်း ဆန် ဈေးနှုန်းအပါအဝင် အထွေထွေကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း စစ်ကောင်စီ ထိန်း ချုပ် သည့် ကျေးရွာအချို့ရှိ စျေးဆိုင်များတွင် အကန့်အသတ်ဖြင့်သာ ဆန်ရောင်း ချပေးနေကြောင်း သိရသည်။

“စစ်တပ်ရှိတဲ့ရွာတွေမှာ ဆန်ရှိတယ်လေး၊ အဲဒီရွာမှာ ဆန်သွားဝယ်မယ်ဆိုရင် အိမ်ထောင်စု တစ်စုအတွက် ဆန်တစ်ပြည်ကို တစ်ပတ်စာ အဲလိုမျိုးပဲ ရောင်းပေးတယ်။ ဆန်တစ်အိတ်တို့လို မျိုးဆိုရင် မရဘူး” ဟု မငြိမ်းက ဆက်ပြောသည်။

လက်ရှိတွင် ဆန်ကြမ်းအုပ်စုဝင် ဆန်တစ်ပြည် ၂၅၀၀ ကျပ်၊ ဆန်ချောအုပ်စုဝင် ဆန်တစ်ပြည် ၇၅၀၀ ကျပ်ရှိပြီး စားဆီတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၆၀၀၀ ကျပ်နှင့် ကြက်ဥတစ်လုံး ၁၀၀၀ ကျပ်အထိ ဝယ်ယူနေရသည်ဟု ဆိုသည်။

ထို့အပြင် တနင်္သာရီမြို့နယ်ရှိ ခြောက်မိုင်၊ ထုံထော်၊ ဘန်လောစသည့်ကျေးရွာတို့တွင် စစ်ကောင် စီ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး နေရပ်မပြန်နိုင် သေးသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာပြတ်လပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း သိရသည်။

“၁၅ ရက်စာတော့ အစ်မတို့ထောက်ပံ့ထားတယ်၊ ကျန်တဲ့ရက်တွေအတွက်ကို အစ်မတို့ မထောက်ပံ့နိုင်သေးဘူးဖြစ်နေတယ်။ သူတို့က (စစ်ရှောင်း) အလုပ်တွေ လုပ်ပြီးမှ ပြန်စုပြီး စားကြတယ်၊ သူတို့လည်း ပင်ပန်နေကြပြီး” ဟု နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခပြင်းထန်လာသည့် တနသာႅရီတိုင်း ဒေသကြီးတွင် လက်ရှိ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၆ သောင်းကျော်အထိ ရှိကြောင်း တနသာႅရီအခြေစိုက် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ လေ့လာမှတ်တမ်းတင်နေသည့် FE5 Thanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

November 25, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တွင်ကျယ်လာသော်လည်း...
November 25, 2024
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာက...
November 22, 2024
မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့်...
November 21, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ရပ်နားထားသည့် ကျောက်မိုင်းနှင့်...