ရခိုင်က မြို့နယ် ၄ ခုတွင် တိုက်ပွဲရှိနေကြောင်း AA ပြော

ရခိုင်က မြို့နယ် ၄ ခုတွင် တိုက်ပွဲရှိနေကြောင်း AA ပြော

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင် တိုက်ပွဲများရှိနေကြောင်း အောက်တိုဘာ ၂၂ ရက်တွင် AA က ထုတ်ပြန်သည်။

မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပြီး တောင်ကုတ်မြို့ ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားနေကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် စစ်တွေရှိ စစ်ကောင်စီ တပ်ရင်းများကလည်း AA ထိန်းချုပ်ရာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများသို့ တိုက်ပွဲမရှိဘဲ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

“ စစ်တွေကနေ လက်နက်ကြီး ပစ်ခတ်မှုကို အဓိက ခံရတာကတော့ ပုဏ္ဏားကျွန်းမြို့နယ်က ကွမ်းတောင်၊ အိုင်ဒင်၊ စပါးထား၊ အောင်မြေကုန်း၊ ကျွဲထိုးစတဲ့ နေရာတွေပေါ့။ ဟိုတုန်းက ကျွဲထိုးရွာမှာ လက်နက်ကြီးကျလို့ အရပ်သား ထိခိုက်တာရှိတယ်။ ဒါကြောင့် ရွာသားတွေကတော့ ရွာမှာမနေရဲကြဘူး ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တိုက်ပွဲမရှိသည့် နေရာများကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေခြင်းမှာ အရပ်သားများကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ လက်ရှိတွင် စစ်တွေမြို့နယ်ကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သိရသည်။

ဂွမြို့နယ် ကျိန္တလီမြို့၊ ကမ်းသာယာမြို့မှလည်း တိုက်ပွဲဖြစ်ပွားရာ နေရာများသာမက တိုက်ပွဲမရှိသော  မြို့၊ ရွာများသို့ပါ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း  AA က ထုတ်ပြန်ထားသည်။

ဩဂုတ်လဆန်းပိုင်းက စတင်ခဲ့သည့် ဂွမြို့နယ်တိုက်ပွဲများသည် ယခုအခါ ဂွမြို့နှင့် ၁၀ မိုင်ခန့်အကွာ သဗြုချောင်း၊ ကြွေချိုင်နှင့် တိုင်ကျိုးကျေးရွာများ အနီးအထိ ရောက်ရှိလာသဖြင့် မြို့ခံများမှာ စိုးရိမ်စိတ်ဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်။

ဂွမြို့ခံ တစ်ဦးက  “ လက်နက်ကြီးပစ်တာတွေ၊ လေယာဉ်သံတွေကျတော့ အသံကြားရုံနဲ့ လန့်နေပြီ။ သေရင်လည်း တစ်ချက်တည်းနဲ့သေ။ မဟုတ်ရင် ခြေပြတ်လက်ပြတ်နဲ့တော့ အသက်မရှင် ချင်ဘူး။ လူတွေက လက်နက်ကြီးတွေ လေယာဉ်က ဗုံးတွေကျလို့ သေတယ်ကြားတိုင်း ဘယ်အချိန် ကိုယ့်အလှည့် ရောက်လာမလဲဆိုတာမျိုး စိုးရိမ်ကြတာ ” ဟု ဆိုသည်။

ဂွမြို့နယ်တွင် ဘင်္ဂလားပင်လယ်ပြင်၌ တပ်စွဲထားသော စစ်သင်္ဘောကြီးများပေါ်မှလည်း လူနေကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ် ပြုလုပ်လျက်ရှိကြောင်း AA ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အတွင်းက အပြစ်မဲ့ အရပ်သားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုတို့မှာ နေ့စဉ်နှင့်အမျှရှိနေသည်။

October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...
October 21, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၁ ရက်)၊...
October 18, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်မင်္ဂလာကျေးရွာကို အောက်တိုဘာ ၁၆ ရက်၊...