ဖားဆောင်းနှင့် ဘော်လခဲကြား စခန်းကုန်းကို ကရင်နီ တော်လှန်ရေး တပ်များ သိမ်းယူ

ဖားဆောင်းနှင့် ဘော်လခဲကြား စခန်းကုန်းကို ကရင်နီ တော်လှန်ရေး တပ်များ သိမ်းယူ

သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့် ဘော်လခဲမြို့နယ် ကြားရှိ  စစ်ကောင်စီ ထူးချောင်းစခန်းကုန်းကို ကရင်နီ မဟာမိတ် တော်လှန်ရေး အင်အားစုတို့က အပြီးသတ် သိမ်းယူလိုက်ပြီဟု စစ်ရေးတာဝန်ရှိသူများက ပြောသည်။

ဖားဆောင်းမြို့နယ် နှင့် ဘော်လခဲမြို့နယ် အကြားရှိ စစ်ကောင်စီ အင်အား ၃၀ ခန့်ထိုင်ထားသည့် စခန်းကုန်းကို ဖားဆောင်း PDF နှင့် ကရင်နီပြည် တပ်မတော် (KA) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းစစ်ဆင်ရေးလုပ်ပြီး သိမ်းယူခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ဖားဆောင်း PDF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “အရင်ရက်တွေ ကတည်းက ကျနော်တို့ တိုက် ခိုက်နေတာပေါ့နော်။ တပ်ပေါင်းစုအနေနဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာ တွေ ရှိတယ်။ အဲနောက်ဆုံးနေ့ မနက်ပိုင်းမှာ တော့ စစ်ကောင်စီက ဆုတ်ခွါသွားတာပေါ့။ အရင် ရက်တွေ ကတည်းက တောက်လျှောက် ဒရုန်းနဲ့ကြဲတာတွေ၊ လေယာဉ်နဲ့ပစ်တာတွေတော့ ရှိတာပေါ့” ဟု ပြောသည်။

အဆိုပါ ထူးချောင်းစခန်းကုန်းကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထူးချောင်းစခန်းကုန်းသည် ဘော်လခဲမြို့ရှိ စစ်ဗျူဟာမှ ဖားဆောင်းမြို့ကို စစ်ကောင်စီက စစ်ကူတပ်များ ပို့ဆောင်ချိန်၌ ခရီးတစ်ထောက် နားကြသည့် စစ်ရေးဗျူဟာအရ အချက်အချာကျသော နေရာဖြစ်သည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ၆၀-မမ လက်နက်ကြီး အပါအဝင် လက်နက်ငယ် အချို့ကို သိမ်းဆည်းရမိခဲ့ပြီး လက်နက်အများစုကိုမူ စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သည်ဟု ကရင်နီ မဟာမိတ် တော်လှန်ရေး အင်အားစု တာဝန်ရှိသူများက ပြောသည်။

ထိုသို့ စခန်းကုန်းမှ ဆုတ်ခွါလာကြသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်နီ မဟာမိတ် တော်လှန်ရေး အင်အားစုက လိုက်လံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုအချို့လည်း ရှိခဲ့သည်။

ဖားဆောင်း PDF စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက “ကြားမှာ ဖြတ်တိုက်တဲ့ဟာ တစ်ခုတော့ ရှိတာပေါ့နော် အဲမှာ သူတို့ဘက်က ဒဏ်ရာရတာတွေ ရှိတာပေါ့။ ဘောလခဲနဲ့ ဖားဆောင်းကြားမှာ ကြားဖြတ် တိုက်တာပေါ့။ ဟုတ်တယ် အဲ့ရက်မှာပဲ တိုက်တာ။ သူတို့ဘက်က လည်း ဒဏ်ရာရတာတွေ ရှိတာပေါ့။ ကြားဖြတ်တိုက်တော့ လည်း ကျနော်တို့ဘက်ကပဲ ပစ်လိုက်နိုင်တာပေါ့။ သူတို့ဘက်ကလည်း ကျန်ခဲ့တာတွေ ဘာတွေမရှိပါဘူး။ ဒဏ် ရာ အနည်းငယ်ရတယ် ဆိုရုံလောက်ပါပဲ” ဟု ဆက်ပြောသည်။

ထူးချောင်းစခန်းသိမ်း တိုက်ပွဲထဲ ကရင်နီမဟာမိတ် တော်လှန်ရေး အင်အားစုများဘက်တွင်မူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ဩဂုတ်လမှ စတင်ပြီး ကရင်နီပြည်ကို စစ်ကူအင်အားများ ဖြည့်တင်းကာ ပြန်လည် ထိုးစစ် ဆင်နေသော်လည်း ဘော်လခဲခရိုင်ထဲ၌ စစ်ရေးအခြေအနေက ငြိမ်သက်နေဆဲဖြစ်သည်။

လက်ရှိ ဘောလခဲခရိုင်ထဲတွင် စစ်ကောင်စီ၏ ၁၂ မိုင်၊ ဝမ်မလန်း၊ ခလရ ၁၃၄၊ ၁၃၅ စခန်း ၄ ခုသာ ကျန်နေပြီး အပြီးသတ် သိမ်းယူနိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်သည်ဟု ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူ များက ဆိုသည်။

Most read this week

October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...
October 11, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၁ ရက်။စစ်မှုထမ်းဥပဒေ အကြောင်း ပြပြီး တနင်္သာရီတိုင်း...
October 11, 2024
ကရင်နီပြည်တွင် တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများ...
October 10, 2024
စစ်ဘေးအပြင် ရေဘေးနှင့် ရင်ဆိုင်နေရသော ပြည်သူများကို ထိရောက်သည့် အကူအညီများ ပေးနိုင်ရန်အတွက်...