ဖားကန့်မှာ သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီးထား

ဖားကန့်မှာ သတင်းထောက်နှစ်ဦးကို KIA ဖမ်းဆီးထား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထောက်နှစ်ဦးကိုဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနှစ်ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေအပါအဝင် ဒေသခံတစ်ချို့ ပြောပါတယ်။

စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ တစ်ရက်ခြားပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးနဲ့ ရင်းနှီးသူတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

“ ၂၉ ရက်နေ့ကထင်ပါတယ်။ ကိုတာလင်းမောင် ကိုသူနေတဲ့နေရာမှာလာခေါ်တယ် သေနတ်တွေ ကိုင်ထားတဲ့သူတွေပေါ့ မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရတော့ KIA လို့ပြောတယ်။ အဲ့အချိန်မှာ ကိုတာကမရှိဘူး လာခေါ်တဲ့အချိန် ကိုတာကမရှိဘူး။ ဒါပေမဲ့သူ့ကိုလာခေါ်တာသိတော့ သူကရှောင်မနေပါ ဘူး။ တစ်ခုခုရှင်းစရာရှိရင်ရှင်းမယ်ဆိုပြီး ရှောင်မနေပဲလိုက်သွားတဲ့သဘောပေါ့နော်”လို့ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးဟာ Red News Agency တိုက်ပိုင်သတင်းထောက် တစ်ဦးလည်းဖြစ် အလွတ်တန်းသတင်းထောက်တစ်ဦးလည်းဖြစ်တဲ့ ကိုတာလင်းမောင်၊ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ဖြစ်တယ်လို့ ရင်းနှီးသူတွေကပြောပါတယ်။

သတင်းထောက် ကိုတာလင်းမောင် ဖမ်းခံရတာနဲ့ပတ်သက်ပြီး တာလင်းမောင်အသိမိတ်ဆွေတွေပြောဆိုချက်အရ ဖမ်းဆီးမခံရခင်တင်ထားတဲ့ ပို့စ်ကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

ဖမ်းဆီးမခံရခင်ရေးသားခဲ့တဲ့ပို့စ်ဟာ” ဆိုင်းတောင်တိုက်ပွဲအတွင်း လုံခြုံရေးကင်းစောင့်နေတဲ့ KIA/KPDF တပ်ဖွဲ့ကို အသိမပေးဘဲ Jade Garden ရေကူးကန်နဲ့ အားကစားကွင်းနေရာမှာပိတ်မိနေတဲ့ ဝန်ထမ်းတွေကို  KIA အရာရှိ Lion ဆိုသူရဲ့စေခိုင်းချက်ကြောင့်  လူခိုးထုတ်တဲ့အခြေနေနဲ့ပတ်သက်ပြီး” ရေးသားထားတာတွေ့ရပါတယ်။  

“သူတို့နှစ်ယောက်လုံးကတော့ဖားကန့်သတင်းတွေကို ဒိုင်ခံရေးနေတဲ့ သူပေါ့နော်။ ကိုတာလင်းမောင်ဆိုရင် သတင်းရေးတဲ့အပြင်မှာမှ တစ်ချို့ဟာတွေလည်းပြင်းပြင်းထန်ထန်သုံးသပ်တာတွေ ရှိတယ်။ FB မှာဆိုရင် တင်တယ်။ အဓိကတော့ စစ်ပွဲတွေနဲ့ အကျိုးစီးပွားတွေနဲ့ပတ်သက်ပြီးသူရေးနေတာ တွေရှိတယ်။ ဒီရှေ့ရက် မှာဆိုရင် KIA အရာရှိတစ်ချို့ အာဏာပါဝါအလွဲသုံးစားလုပ်ပြီး လူခိုးထုတ်တာတို့ဘာတို့ပေါ့ အဲ့တာသူရေး တင်ထားတာရှိတယ်။ အခုခေါ်သွားတာဟာ ဒါနဲ့ဆက်စပ်မှုရှိလားဆိုပြီးတွေးမိတာပေါ့နော်။ပြီးတော့ နှောင်ရိုးဖမ်းခံရတာကျတော့ ဘာကြောင့်ဖြစ်နိုင်လဲဆိုတာ မပြောတတ်ဘူး”လို့ ကိုတာလင်းမောင်နဲ့နီးစပ်နဲ့ မိတ်ဆွေတစ်ဦးက ဆက်ပြောပါတယ်။

သတင်းထောက်တာလင်းမောင် ဖမ်းဆီးမခံရင် နောက်ဆုံးရေးသားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်တဲ့ ရုပ်သံကို KNG သတင်းဌာနကလည်း ရရှိထားပါတယ်။

သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရပြီးချိန်ကစလို့ ဒီနေ့အထိအဆက်အသွယ်တစ်စုံတစ်ရာမရရှိသေးပဲ သူတို့ နှစ်ဦးဟာ ဖားကန့်မြို့နယ်အတွင်းကသတင်းတွေနဲ့ပတ်သက်လို့ဒိုင်ခံရေးနေကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ KNG က KIO/KIA ရဲ့သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကိုဆက်သွယ်ခဲ့ပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့မကြားမိသေးကြောင်း အတည်ပြုမေမြန်းရအုံးမှာ ဖြစ်တဲ့အကြောင်းသာ ဖြေဆိုပါတယ်။

“အဲဒါတော့ ကျနော်မကြားဘူးခင်ဗျ။အဲဒါကြောင့် အဲဒီမေးခွန်းကတော့ ကျနော်ပြန်ပြီးတော့ မေးရမယ်ထင်တယ်”လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သတင်းထောက်နှစ်ဦးဟာ ဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး ဘာ့ကြောင့်KIA ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရလည်းဆိုတာကိုတော့ KNG က ဆက်ပြီးစုံစမ်းနေဆဲဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရဖူးသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကိုလည်း ကိုတာလင်းမောင်ဖမ်းဆီးခံရတဲ့ တစ်ရက်တည်းမှာပဲ KIA ဘက်ကလာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပြီး ကိုနောင်ရိုးဖမ်းဆီးခံရတာအတည်ပြုနိုင်ပေမဲ့ ဘယ်အချိန်မှာ ဘယ်လိုဖမ်းဆီးခံရတယ်ဆိုတာကိုတော့ KNG က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

သတင်းထောက်တာလင်းမောင်က အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံဟာ သတင်းသမားများကို ဖမ်းဆီးမှု ကမ္ဘာမှာအဆိုးရွားဆုံး နိုင်ငံတခုဖြစ်လာပြီး သုံးနှစ်အတွင်း သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ International Center for Not-For-Profit Law (ICNL)  နောက်ဆုံး အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ ယ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလအထိ မြန်မာရှိ သတင်းဌာန ၁၀၀ နီးပါးမှ အမျိုးသမီး ၃၁ ဦး အပါအဝင် သတင်းသမား စုစုပေါင်း ၂၀၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ICNL ကဖော်ပြထားပါတယ်။

September 30, 2024
ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို...
September 27, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက်မြို့နယ်ကို ...
September 25, 2024
ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ အစားအသောက်ပြတ်လပ်လာပြီး...
September 25, 2024
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို...