ရခိုင်တောင်ပိုင်းက စစ်ကောင်စီ နောက်ဆုံးခံတပ်

ရခိုင်တောင်ပိုင်းက စစ်ကောင်စီ နောက်ဆုံးခံတပ်

ရခိုင်စစ်မျက်နှာတွင် အရေးမလှဖြစ်နေသော စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင် သီးခြားတည်ရှိသည့် မာန်အောင်ကျွန်း၌ စစ်ရေးနှင့်ပတ်သက်၍ အစီအမံများ ပြင်ဆင်ဆောင်ရွက်လျက် ရှိနေသည်။

မာန်အောင်ကျွန်းတွင် အင်အားဖြည့်တင်းခြင်း၊ စစ်သင်္ဘောများ တိုးချဲ့ချထားခြင်း၊ တပ်နယ်မြေခြံစည်းရိုးများကို တိုးချဲ့ကာရံခြင်းများ လုပ်ဆောင်ကာ နောက်ဆုံးခံတပ်အဖြစ် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မျှော်တော်ဦးရေတပ်စခန်းတွင် ယခင်ရှိနှင့်ပြီး ခြံစည်းရိုးကို ၅ ပေခန့် တိုးမြှင့်ထားသည်။ ထိုစခန်းတွင် ယခင်က စစ်သင်္ဘော ၃ စီးသာ ရှိသော်လည်း ယခုအခါ စစ်သင်္ဘော ၇ စီးခန့် မြင်တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီ အဓိကအားထားရသည့် မောင်ရွှေလေးရေတပ်စခန်းမှာ ကျဆုံးပြီးနောက် မာန်အောင်ကျွန်းတွင် စစ်အင်အား ပိုမိုဖြည့်တင်းလာသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက ပြောသည်။

“မောင်ရွှေလေးရေတပ်ကနေ တပ်ဆုတ်လာတဲ့ နေဗီတွေကို ဒီဖက်မှာ နေရာချထားတယ်။ စစ်အင်အားဆိုရင်လည်း ပိုဖြည့်တင်းထားတာ တွေ့ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ရခိုင်မြောက်ပိုင်းတွင် AA က သိမ်းပိုက်မြို့နယ်များမှ တပ်ဆုတ်ထွက်ပြေးလာခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဩဂုတ်လမှစ၍ တောင်ကုတ်မှတစ်ဆင့် စစ်သင်္ဘောများဖြင့် မာန်အောင်ကျွန်းသို့ ပို့ဆောင်ခဲ့သည်။

ပထဝီအနေအထားအရ မာန်အောင်ကျွန်းသည် ရေပတ်လည်ဝန်းရံကာ သီးခြားကျွန်းဖြစ်၍ စစ်ကောင်စီအတွက် အားသာချက်များရှိကာ နောက်ဆုံးခံတပ်ဖြစ်လာနိုင်သည်ဟု စစ်ရေး၊ နိုင်ငံရေးအကဲခတ်သူတို့က သုံးသပ်ကြသည်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက “အေအေအနေနဲ့ ကုန်းကြောင်းအားနည်းချက်ရှိတယ်။ ရေကြောင်းက သွားတိုက်မယ်ဆိုရင်လည်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကို အသာစီးယူပြီး ခုခံပိတ်ဆို့နိုင်တာကြောင့် စစ်တပ်အနေနဲ့ နောက်ဆုံးခံတပ်လည်း ဖြစ်သွားနိုင်သလို အေအေအနေနဲ့လည်း နောက်ဆုံးတိုက်ပွဲ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

မာန်အောင်ကျွန်းသည် စစ်ကောင်စီ၏ နောက်ဆုံးထွက်ပေါက်၊ နောက်ဆုံးခံတပ် ဖြစ်သည့်အပြင် ဓညဝတီရေတပ် ဌာနချုပ်တည်ရှိရာ ကျောက်ဖြူမြို့နှင့် တောင်ကုတ်၊ အမ်းတိုက်ပွဲများတွင်လည်း ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုလာနိုင်သဖြင့် တပ်အင်အားကို အလုံးအရင်းဖြည့်တင်းထားနိုင်ကြောင်း သုံးသပ်နေကြသည်။

မာန်အောင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားလာပါက ဒေသခံများအတွက် စိုးရိမ်စရာ အခြေအနေဖြစ်သည်။ စစ်ကောင်စီပိတ်ဆို့ထားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် အခက်အခဲများရှိနေပြီး နှစ်ဖက်တိုက်ပွဲကြားတွင် ပိတ်မိသွားမည်ကို ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြသည်။

“ကြိုတင်ပြင်ဆင်မှုဆိုရင်လည်း ကျမတို့မှာ ရိက္ခာဖြည့်ထားရုံကလွဲပြီး ဘာမတတ်နိုင်ဘူး။ ဘယ်နေ့ ကိုယ့်အလှည့်ကျလာမလဲ တွေးပူနေရတယ်။ ပြီးတော့ သီးခြားကျွန်းတစ်ခု ဖြစ်နေတာကြောင့် တိုက်ပွဲဖြစ်လာရင် ပိုပြီးတော့ အထိနာမှာကို တွေးပြီး စိုးရိမ်နေရတယ်” ဟု မာန်အောင်မြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

မာန်အောင်ကျွန်းတွင် စစ်ကောင်စီက လမ်းခရီးသွားလာခွင့်များကို ကန့်သတ်ပိတ်ပင်ထား၍ ဒေသခံများမှာ စားဝတ်နေရေး၊ ကျန်းမာရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်တိုက်ပွဲ ၁၀ လကျော်အတွင်း ချင်းပြည်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ AA က သိမ်းပိုက်ထားသည်။ ဆက်လက်၍ AA သည် မောင်တောမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့တို့ကို ပိတ်ဆို့ထားသည်။  

လက်တလော ရခိုင်ပြည်အတွင်းတိုက်ပွဲများမှာ မောင်တောမြို့မှလွှဲ၍ ကျန်ဒေသများတွင် ငြိမ်သက်နေပြီး  အာရက္ခတပ်တော်၏ ထိုးစစ်များ မည်သို့ ပုံဖော်လာမည်ကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

Most read this week

September 26, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက်...
September 26, 2024
ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက...
September 24, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံတစ်ဦးမှာ စစ်ကောင်စီ၏...
September 24, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီက ယခုလအစပိုင်းကနေ...