တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီ က မူဆယ် ကျားဖြန့်များဖမ်းဆီးမှုကြမ်းနေ

တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီ က မူဆယ် ကျားဖြန့်များဖမ်းဆီးမှုကြမ်းနေ

သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကိုစစ်ကောင်စီ မှ ဝင်ရောက် ဖမ်းဆီးနေပြီး ပြည်သူစစ်များ နှင့် ပစ်ခတ်မှုဖြစ်ပွားမှုရှိကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ နှင့် ၎င်း၏ လက်အောက်ခံ ရဲများက လွိုင်ဆုတောင်း (ဆုတောင်းပြည့်) ၊ စွမ်းစော်ရပ်ကွက်အပါအဝင်   မြို့ပြင်ဘက်ရှိရပ်ကွက်များတွင်  အွန်လိုင်းကျားဖြန့် ငွေလိမ် လုပ်ငန်း လုပ်ကိုင်သည့် နေအိမ် တိုက်ခန်းများကို ဝင်ရောက် စစ်ဆေးဖမ်းဆီး နေကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က မြို့ပြင်ဘက် ရပ်ကွက်ကနေစပြီးတော့ ဖမ်းလာတာ။ ဖမ်းခံရတဲ့လူတွေကို ကားတွေနဲ့ တင်ပြီး မင်္ဂလာမူဆယ်ဘက်ကို ပြန်သွားထားတာ။ ပြီးတော့ မင်္ဂလာမူဆယ်နားတစ်ဝိုက် လုပ်နေသည့် ကျားဖြန့်တွေကို လည်း လိုက်ဖမ်းတော့ ပြည်သူ့စစ်နဲ့ ပစ်ခတ်မှုတွေဖြစ်တာ။”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းသည် တရုတ်အစိုးရကို မျက်နှာသာရရန် ဟန်ပြ ဖမ်းဆီး မှုသာဖြစ်ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“တရုတ်ရဲ့ဖိအားကြောင့် သူတို့ဖမ်းတာ။မဟုတ်ရင်ဖမ်းမှာမဟုတ်ဘူး ကျာဖြန့်ကြောင့် သူတို့ ဝင်ငွေလမ်းကြောင်း တစ်ခုလို ဖြစ်နေတာကို ကျနော်အမြင်ကတော့ သူတို့ အချင်းချင်းကြားမှာ‌တော့ အပေးအယူတော့ ရှိမှာပဲ။ ကျနော်တို့လည်း ဒီလိုဖြစ်လာတော့ နိုင်ငံရေး ပြောင်းလဲမှုကို စောင့်ကြည့်ရမှာပေါ့။”ဟု ၎င်းက ပြောသည်။

ယခင်က မကြာခဏဆိုသကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပူးပေါင်းဖမ်းဆီး ခဲ့သော်လည်း ၎င်းလုပ်ငန်းများ လျော့ကျလာခြင်းမရှိခဲ့ပေ။

စစ်ကောင်စီမှ အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို  စက်တင်ဘာ ၂၂ရက် နေ့လည် ၁၂နာရီခွဲ ဝန်းကျင်တွင် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ရာ မင်္ဂလာမူဆယ်အနီး ကျားဖြန့်လုပ်ငန်းကို လုံခြုံရေးပေးနေသည့် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ ပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပစ်ခတ်မှုဖြစ်တာ စဥ်းစားစရာပဲ။ တကယ်တော့ သူတို့တွေက တဖွဲ့တည်းတွေလေ။ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီရဲ့လက်အောက်ကလေ။ အခုက ဟန်ဆောင်များပစ်နေတာလားမသိဘူး။” ဟု မူဆယ်မြို့ ဒေသအကြောင်းကို သိရှိသူ အသက် ၄၀အရွယ် အမျိုးသားတစ်ဉီးက ဆိုသည်။

မူဆယ်မြို့နယ်အတွင်း စက်တင်ဘာ ၂၂ ရက်မှစတင် ၃ရက်အတွင်း စစ်ဆေးတင်းကြပ်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ တရုတ်နဲ့ ဘာအပေးအယူလုပ်ထားကြလဲမသိဘူး။ ဒီ ၃ရက် စစ်ဆေးမှု တင်းကြပ်မယ်။ လူငယ်တွေလည်း သတိထားသွားလာဖို့လိုအပ်တယ်” ဟု ၎င်းက ဆိုပြန်သည်။

မူဆယ်မြို့ ပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်များကျင်လည်လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာသည့်နေရာဖြစ်ကာ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲမဖြစ်ပွားသည့် ဒေသ တစ်ခုလည်း ဖြစ်သည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...