သန်းခေါင်စာရင်းကောက်ဖို့ ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်ရေး စစ်ခေါင်းဆောင်ဖိအားပေး

သန်းခေါင်စာရင်းကောက်ဖို့ ရေဘေးသင့်သူတွေ နေရပ်အမြန်ပြန်ရေး စစ်ခေါင်းဆောင်ဖိအားပေး

လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့် ရေဘေးသင့်ပြည်သူတွေ သူတို့ရဲ့ နေရပ်အမြန်ပြန်ရောက်ရေး အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိအားပေးလာပါတယ်။

နိုင်ငံတဝန်းဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ (၁၇) ရက်နေ့မှာခေါ်ယူခဲ့တဲ့ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့တာပါ။

သန်းခေါင်စာရင်းကောက်ယူမယ့်ရက်မတိုင်မီ ရေကြီးရေလျှံမှုကြောင့် ကူညီကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ ပြည်သူတွေကို သူတို့ရဲ့ နေရပ်တွေမှာ အတတ်နိုင်ဆုံး အမြန်ဆုံးပြန်လည်နေထိုင်ရေး ဆောင်ရွက်ပေးသွားဖို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြည်သူတွေ အေးဆေးစွာပြန်နေထိုင်ခွင့်ရတဲ့ အခြေအနေရောက်မှသာ လုပ်သင့်ပေမယ့် အခုလို ကျွဲမောင်းသလို မောင်းချနေတာဟာ စစ်တပ်ရဲ့ တစ်လျှောက်လုံး လုပ်လာတဲ့အကျင့်လို့ ဝေဖန်ပါတယ်။

“ ပြည်သူလူထုရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီးတဲ့အခြေအနေ ပြည်သူတွေ အေး ဆေးစွာပြန် နေထိုင်ခွင့်ရတဲ့ တည်ငြိမ်တဲ့အခြေအနေတစ်ခုရောက်မှ အဲဒါတွေက လုပ်သင့်တာပါ။ ဒါပေမယ့် အခုတော့ ကျွဲမောင်းနွားမောင်းသလို မောင်းချနေတဲ့ဟာက စစ်တပ်ရဲ့ တစ်လျှောက်လုံး လုပ်လာတဲ့အကျင့်ပဲလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်ခင်ဗျာ”လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကြောင့် နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုက ရေဘေးသင့်သူပေါင်း သုံးသိန်းကိုးသောင်းကျော်ရှိပြီး သေဆုံးသူ ၂၂၆ ဦးနဲ့ ပျောက်ဆုံးသူ ၇၇ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ စာရင်းတွေက ဖော်ပြပါတယ်။

ရေဘေးသင့်သူ  ၁၆၃,၅၀၀ ကျော်ဟာ  ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိပြီး ဆွေမျိုးတွေအိမ်မှာ သွားရောက်နေထိုင်သူ ၂၃၄,၅၀၀  ကျော် ရှိနေတာပါ။

ဒါ့အပြင် လူနေအိမ်တွေပျက်စီးမှုအနေနဲ့ အလုံးပေါင်း ၁၉၀၀ ကျော် လုံးဝပျက်စီးခဲ့ပြီး နေအိမ်တစ်သိန်းခွဲကျော်ကတော့ ရေဝင်နစ် မြုပ်မှု ဖြစ်ခဲ့တာပါ။

စစ်ခေါင်းဆောင်ကတော့ ကူညီကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ပျက်စီးမှုအနည်းအများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ကာ အမြန်ဆုံးပြီးစီးစေဖို့နဲ့ အချိန်အကြာဆုံး ၆ လတာအတွင်း ပြီးစီးအောင်ဆောင်ရွက်ဖို့ ညွန်ကြားထားတာပါ။

ရေဘေးသင့်သူတွေ နေရပ်အသီးသီး အမြန်ဆုံးပြန်နေထိုင်နိုင်ရေး ရေဝင်နစ်မြုပ်ခဲ့တဲ့ ရပ်ကွက်ကျေးရွာတွေအတွင်း သန့်ရှင်းရေးလုပ်ငန်းတွေနဲ့ မြို့နယ်၊ရပ်ကွက်ကျေးရွာတွေအလိုက် ပြန်လည် ထူထောင်ရေးတွေ ဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါဟာ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ မဲစာရင်းတွေရရှိအသုံးပြုနိုင်ရေး သန်းခေါင်စာရင်းကို သတ်မှတ်ထားတဲ့အတိုင်း ကောက်ယူနိုင်ဖို့ ဖိအားပေးနေတာလို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

ပြည်သူတစ်ဦးကတော့ သဘာဝဘေးအန္တရာယ်တွေ၊တိုက်ပွဲတွေ စစ်ဘေးရှောင်တွေနဲ့ ကြုံနေရချိန်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ဖို့ ပြောနေတာဟာ ဘယ်လိုမှ မဖြစ်နိုင်သလို ဖြစ်ချင်တာကို ပြောနေတာလို့ ဝေဖန်ပါတယ်။

“အခုဟာက သဘာဝဘေးအန္တရာတွေဖြစ်တယ်။ တိုက်ပွဲတွေ ဖြစ်တယ်။ စစ်ဘေးရှောင်တယ်။သူတို့ သန်းခေါင် စာရင်းကောက်ဖို့ ဆိုတာက လက်ရှိမဖြစ်နိုင်တဲ့ စကားပေါ့။ မဖြစ်နိုင်တာကို သူတို့က သန်းခေါင်စာရင်းကောက်ဖို့ဆိုတာ လက်ရှိသေချာတဲ့ နေရာတွေပဲ ကောက်လို့ရမယ်။ မသေချာတဲ့နေရာ ကောက်လို့မရဘူး။ သဘာဝဘေးအန္တရာယ်က မမျှော်မှန်းဘဲ ဖြစ်လာတဲ့အခါကျတော့ အဲဒါကို ကျွန်တော်တို့က မူလအခြေအနေ ပြန်ရောက်ပြီးလည်း သန်းခေါင်စာရင်းသွားကောက်ဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါတော့ (စစ်ခေါင်းဆောင်) သူဖြစ်ချင်တာကို ပြောနေတာပေါ့”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပုံမှန်အခြေအနေအတိုင်း ပြန်ရောက်ရှိနိုင်ရေး အဓိကထား ဆောင်ရွက်ဖို့နဲ့ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ ငွေကြေး၊ စက်ယန္တရားတွေနဲ့ အထောက်အကူပြုပစ္စည်းတွေကို ဖြည့်ဆည်းပေးသွားမယ်လို့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

နိုင်ငံရေးအကဲခတ်တချို့ကတော့ သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူဖို့ အခုလို ကြိုးပမ်းတာဟာ နိုင်ငံရေးအရ အသုံးပြုလိုတဲ့ အချက်အလက် ကောက်ယူမှုသာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...
September 16, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ...
September 14, 2024
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၁၂ ရက်နေ့...
September 13, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက လာမယ့်...