ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည် အဆင့် ၁ သာရှိသေးပြီး ပြည်သူများအနေဖြင့်မြို့ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက အသိပေးထုတ်ပြန်လာသည်။
ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် CDF- Hakha အနေဖြင့် စစ်ကောင်စီ၏ အင်အားချိနဲ့အောင်ပြုလုပ်ခြင်း၊ မြို့သိမ်းပိုက်ခြင်း နှင့် မြို့ထိန်းချုပ်ခြင်းဟူ၍ အဆင့် ၃ ဆင့်သတ်မှတ်ကာ ရုန်းစစ်ဆင်ရေးကို ဆင်နွဲလျက်ရှိနေသည်ဟု CDF-Hakha ဥက္ကဋ္ဌ ဆလိုင်း ဟရမ်လျန် ( Salai Hram Lian) က စက်တင်ဘာလ ၈ ရက်နေ့က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထား သည်။
လက်ရှိတွင် အဆိုပါ ရုန်းစစ်ဆင်ရေးအဆင့် ၃ ဆင့်အနက် ပထမအဆင့်ဖြစ်သော စစ်ကောင်စီတပ်အင်အားချိနဲ့အောင် ပြုလုပ်သည့်အဆင့်သာရှိသေးပြီး ဒုတိယအဆင့်အား ဆောင်ရွက်မည့်အချိန်တွင် အများပြည်သူသိရှိနိုင်ရန် လိုအပ်သလို အသိပေးသွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် စစ်ရေးအခြေအနေ စောင့်ကြည့်တတ်ရန် CDF- Hakha ဥက္ကဌကပြောသည်။
ဟားခါးမြို့သည် အမှုတော်ဆောင်များအသုံးပြုပြီး ဘုရားသခင်သတ်မှတ်ပေးထားသော မြို့ဖြစ်သည့်နည်းတူ ပြည်သူနှင့် မြို့အား အထိအခိုက်မရှိ သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျှက်ရှိကာ ဟားခါးမြို့တော်ပျက်စီးမည်ကို မလိုလားသော ပြည်သူ များအနေဖြင့် ဟားခါးမြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက တိုက်တွန်းထားသည်။
ထို့အပြင် စစ်ကောင်စီနှင့် အဆက်အသွယ်မပြုရန်၊ ပြည်သူအားနစ်နာစေမည့် မူးယစ်ဆေး ရောင်း/ဝယ် သုံးဆွဲခြင်းမပြုရန်၊ ခွေးမမွေးရန်နှင့် ဟားခါးတက္ကသိုလ်ဘက် သွားလာခြင်းမပြုကြရန် စသည့်တော်လှန်ရေးတပ်ဖွဲ့မှ သတိပေးချက်များအား လိုက်နာပေးကြရန်လည်း CDF-Hakha ဥက္ကဌက တောင်းဆိုထားသည်။
မိမိကိုယ်ကို လုံခြုံစေရန် ဗုံးခိုကျင်းများတူးထားခြင်း၊ ပေါက်ကွဲမှုရှိပါက မိမိလုံခြုံရေးအတွက် ဦးစားပေးပြီး ညအချိန်၌ လည်း လုံခြုံသောနေရာတွင် အိပ်စက်ခြင်းနှင့် အရေးပေါ် အိပ်များ ကြိုတင်ပြင်ဆင်ထားကြရန်လည်း တိုက်တွန်းထားသည်။
တော်လှန်ရေးအောင်မြင်နိုင်ရန် ဆုတောင်းခြင်းဖြင့်လည်းကောင်း ပေးကမ်းလှူဒါန်းခြင်းဖြင့် ပြည်သူများပါဝင်ပေးကြရန် လည်း CDF-Hakah က တောင်းဆိုထားသည်။
လက်ရှိ ဟားခါးမြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ ပုံမှန်သွားလာနေကြသည်ဟု ဒေသခံများထံမှသိရသည်။