ရုန်းစစ်ဆင်ရေးအဆင့် ၁ သာရှိသေးပြီး ပြည်သူများဟားခါးမြို့ကိုစွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌအသိပေး

ရုန်းစစ်ဆင်ရေးအဆင့် ၁ သာရှိသေးပြီး ပြည်သူများဟားခါးမြို့ကိုစွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌအသိပေး

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် ဖော်ဆောင်နေသော ရုန်းစစ်ဆင်ရေးသည် အဆင့် ၁ သာရှိသေးပြီး ပြည်သူများအနေဖြင့်မြို့ကိုစွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက အသိပေးထုတ်ပြန်လာသည်။ 

ဟားခါးမြို့သိမ်းပိုက်နိုင်ရေးအတွက် CDF- Hakha အနေဖြင့် စစ်ကောင်စီ၏ အင်အားချိနဲ့အောင်ပြုလုပ်ခြင်း၊ မြို့သိမ်းပိုက်ခြင်း နှင့် မြို့ထိန်းချုပ်ခြင်းဟူ၍  အဆင့် ၃ ဆင့်သတ်မှတ်ကာ ရုန်းစစ်ဆင်ရေးကို ဆင်နွဲလျက်ရှိနေသည်ဟု CDF-Hakha ဥက္ကဋ္ဌ ဆလိုင်း ဟရမ်လျန် ( Salai Hram Lian) က စက်တင်ဘာလ ၈ ရက်နေ့က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထား သည်။ 

လက်ရှိတွင် အဆိုပါ ရုန်းစစ်ဆင်ရေးအဆင့် ၃ ဆင့်အနက် ပထမအဆင့်ဖြစ်သော  စစ်ကောင်စီတပ်အင်အားချိနဲ့အောင် ပြုလုပ်သည့်အဆင့်သာရှိသေးပြီး ဒုတိယအဆင့်အား ဆောင်ရွက်မည့်အချိန်တွင် အများပြည်သူသိရှိနိုင်ရန် လိုအပ်သလို အသိပေးသွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် စစ်ရေးအခြေအနေ စောင့်ကြည့်တတ်ရန် CDF- Hakha ဥက္ကဌကပြောသည်။ 

ဟားခါးမြို့သည် အမှုတော်ဆောင်များအသုံးပြုပြီး  ဘုရားသခင်သတ်မှတ်ပေးထားသော မြို့ဖြစ်သည့်နည်းတူ ပြည်သူနှင့် မြို့အား အထိအခိုက်မရှိ သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျှက်ရှိကာ ဟားခါးမြို့တော်ပျက်စီးမည်ကို မလိုလားသော ပြည်သူ များအနေဖြင့် ဟားခါးမြို့ကိုစွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခြင်းမပြုကြရန် CDF-Hakha ဥက္ကဌက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် အဆက်အသွယ်မပြုရန်၊ ပြည်သူအားနစ်နာစေမည့် မူးယစ်ဆေး ရောင်း/ဝယ် သုံးဆွဲခြင်းမပြုရန်၊ ခွေးမမွေးရန်နှင့် ဟားခါးတက္ကသိုလ်ဘက် သွားလာခြင်းမပြုကြရန် စသည့်တော်လှန်ရေးတပ်ဖွဲ့မှ သတိပေးချက်များအား လိုက်နာပေးကြရန်လည်း CDF-Hakha ဥက္ကဌက တောင်းဆိုထားသည်။ 

မိမိကိုယ်ကို လုံခြုံစေရန် ဗုံးခိုကျင်းများတူးထားခြင်း၊ ပေါက်ကွဲမှုရှိပါက မိမိလုံခြုံရေးအတွက် ဦးစားပေးပြီး ညအချိန်၌ လည်း လုံခြုံသောနေရာတွင် အိပ်စက်ခြင်းနှင့် အရေးပေါ် အိပ်များ ကြိုတင်ပြင်ဆင်ထားကြရန်လည်း တိုက်တွန်းထားသည်။

တော်လှန်ရေးအောင်မြင်နိုင်ရန် ဆုတောင်းခြင်းဖြင့်လည်းကောင်း ပေးကမ်းလှူဒါန်းခြင်းဖြင့် ပြည်သူများပါဝင်ပေးကြရန် လည်း  CDF-Hakah က တောင်းဆိုထားသည်။ 

လက်ရှိ ဟားခါးမြို့ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ ပုံမှန်သွားလာနေကြသည်ဟု ဒေသခံများထံမှသိရသည်။

Most read this week

September 17, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်  အနောက်ရပ်ကွက်တွင်  လူနေထိုင်ခြင်း...
September 14, 2024
အိန္ဒိယအစိုးရက ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ရခိုင်ပြည်နယ်စစ်တွေမြို့ အထိ...
September 13, 2024
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား ယနေ့...