ဆည်ဖောက်ချ၍ စစ်တောင်းမြစ်ရေလျှံကာ တောင်ငူမြို့နယ်တွင် ဒေသခံ(၅,၀၀၀)ကျော် ရေဘေးသင့်နေ

ဆည်ဖောက်ချ၍ စစ်တောင်းမြစ်ရေလျှံကာ တောင်ငူမြို့နယ်တွင် ဒေသခံ(၅,၀၀၀)ကျော် ရေဘေးသင့်နေ

နေပြည်တော်ကောင်စီ နယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ဆည် နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့ရှိ ဆွာဆည်မှ ရေများကို စစ်ကောင်စီက ဖောက်ချလိုက်ခြင်းကြောင့် စစ်တောင်းမြစ်ရေလျှံတက်လာပြီး ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ တောင်ငူမြို့ နှင့် ကျေးရွာများတွင် ရေကြီးမှုဖြစ်ပွားနေကြောင်း တောင်ငူဒေသခံများက ပြောသည်။

မိုးသည်းထန်စွာ ရွာချခြင်းမရှိဘဲ စစ်ကောင်စီ၏ အကြောင်းမဲ့ ဆည်ရေဖောက်ချမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်လာကာ ဒေသခံလူဦးရေ (၅,၀၀၀) ကျော်ခန့် ရေကြီးမှုဒဏ်ကို ခံစား နေရကြောင်း ကူညီကယ်ဆယ်ရေးပူးပေါင်းလုပ်ဆောင်ပေးနေသည့် တောင်ငူဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“အပေါ်ပိုင်းက ငလိုက်ဆည်နဲ့ ဆွာဆည်ကို လွတ်ချလိုက်တာ။ မိုးမရွာဘဲနဲ့ ရေတွေက တရိပ်ရိပ်တက်လာတယ်။ စစ်တောင်းကနေပြီးတော့ ရေတွေလျှံကုန်တာ။ ရွာတွေထဲအကုန်ဝင်တယ်။ အခုက လူဦးရေ (၅,၀၀၀) ကျော် လောက် effective (သက်ရောက်မှု) ဖြစ်တာပေါ့။ ဒါက ကျမတို့က လက်ရှိ စစ်တောင်းအရှေ့လို့ ပြောပေမဲ့ စစ်တောင်း အနောက် ဘက်တွေလည်း အများကြီး လျှံပြီး မြို့ပေါ်တွေကော၊ ရွာတွေကော၊ အကုန်လုံးရေတွေကော၊ အစားအသောက် တွေကော အကုန်လုံးပြောင်းရွှေ့နေရတာ။ အကုန်လုံး ဒုက္ခရောက်နေကြတယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ လျှံတက်လာသည့် မြစ်ရေများသည် တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လာပြီး လက်ရှိတွင် လူတစ် ရပ်စာအထိ ရောက်ရှိနေသည့်အတွက် အနိမ့်ပိုင်း ဒေသခံများအနေဖြင့် ဖောင်များ၊ တာယာကွင်းများကို အသုံးပြု၍ သွားလာနေရကြောင်းလည်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် ယခုလို ရေကြီးမြင့်တက်နေ၍ တောင်ငူမြို့၏ အနိမ့်ပိုင်းရှိ မြစ်ကြီးပေါက်၊ အလယ်ကျွန်း၊ အုတ်ကျွတ်တန်းနှင့် ကြက်လျှာကုန်း စသည့် ရပ်ကွက် (၈)၊ (၉)၊ (၁၀) ရပ်ကွက်များတွင် အဓိက ရေလွှမ်းမိုးခံနေရသလို တောင်ငူမြို့အနီး စစ်တောင်းမြစ်နံဘေး ကျေးရွာများတွင်လည်း ရေလွှမ်းခံနေရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။

အဆိုပါ ရေလွှမ်းခံရ၍ ရေဘေးသင့်ဒေသခံများကို ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ပြောင်း ရွှေ့ကူညီကယ်ဆယ်မှုများပြုလုပ်၍ မြို့၏ ကုန်းမြင့်ပိုင်း နေရာများရှိ စာသင်ကျောင်းများတွင် ယာယီ ဖွင့်လှစ် ထားသည့် ရေဘေးရှောင်စခန်း ၅ ခု၌ နေရာချထားပေးရကြောင်း လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင် ပေးနေသူ ကိုကျော်သူရက ပြောသည်။

၎င်းက “ဖြစ်တာက ၃ ရက်လောက်ရှိပြီး။ အစောပိုင်းကတော့ ရေတက်လာတော့ ကယ်ဆယ်ရေး အရင်လုပ်ရတာပေါ့။ နေရာချပေးရတယ်။ နေရာချပေးပြီးတော့ စားရေး သောက်ရေးအတွက်ကြ ရေနဲ့ ထမင်းထုပ်ကို အဓိက လှူပေးတာပေါ့။ အခုနောက်ပိုင်း နောက်ဆက်တွဲ အနေနဲ့ကျတော့ သောက်သုံးရေ အလုံ အလောက်မရလို့ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့နေရာတွေကျန်းမာရေး မကောင်းတဲ့သူတွေကျတော့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရတာပေါ့။” ဟု ကေအိုင်စီသို့ပြောသည်။

ယခုလို ရေကြီးမှုကြောင့် သက်ဆိုင်ရာ စစ်ကောင်စီ အုပ်ချုပ်ရေးတာဝန်ရှိသူများက သွားရောက်ကူညီ မှုများ မရှိသေးသလို နိုင်ငံတကာ ပြင်ပအဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များ မရရှိသေးသည့်အတွက် တောင်ငူမြို့ပေါ်ရှိ အလှူရှင်များ နှင့် နိုင်ငံရပ်ခြားရောက်အလှူရှင်များက ဒေသတွင်း လူမှုကယ် ဆယ်ရေး အသင်းအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ မှတစ်ဆင့် စားသောက်နေထိုင်ရေးအတွက် ကူညီထောက်ပံ့ ပေးထားရကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိ တောင်ငူမြို့ပေါ်ရှိ ရေဘေးရှောင်စခန်း ၅ ခုတွင် ရေဘေးသင့် ပြည်သူ (၂,၅၀၀) ခန့် ရှိနေပြီး ကျေးရွာ များတွင်လည်း နီးစပ်ရာ ဘုန်းတော်ကြီး ကျောင်းများတွင် ယာယီပြောင်းရွှေ့နေကြရကာ ခန့်မှန်းလူဦးရေ (၅,၀၀၀) ကျော် ရေဘေးသင့်နိုင်ကြောင်း အကူအညီပေးနေသူများကပြောသည်။

လတ်တလောတွင်လည်း စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်လာသောကြောင့် နောက်ထပ် ရေဘေး သင့်ပြည်သူဦးရေ ထပ်တိုးလာနိုင်ပြီး သမိုင်းတစ်လျှောက် တောင်ငူမြို့ပေါ်၌ အဆိုးရွားဆုံးရေဘေးသင့်ဒဏ်ခံ ရခြင်းဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

မိုးရွာသွန်းမှု ကြီးကြီးမားမားမရှိဘဲ ယခုလို ဆည်ရေဖောက်ချရခြင်းအကြောင်းအရင်းကို မသိရှိရသော်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့က အဆိုပါတောင်ငူမြို့ပေါ်ကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီးနောက်ပိုင်း ယခုလိုဆည်ရေဖောက်ချသည့် ဖြစ်စဉ် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...