မူဆယ်မြို့ တရုတ်စစ်တပ် ကျူးကျော်မှု ကာကွယ်ရန်ဟုဆိုကာ မြို့မ ပြည်သူ့စစ် ခံစစ်ပြင်

မူဆယ်မြို့ တရုတ်စစ်တပ် ကျူးကျော်မှု ကာကွယ်ရန်ဟုဆိုကာ မြို့မ ပြည်သူ့စစ် ခံစစ်ပြင်

သျှမ်းမြောက်၊ တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက် ရွှေလီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA စစ်ရေးလေ့ကျင့်နေစဥ် မူဆယ်မြို့၌ စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်က ခံစစ် ပြင်နေသည်ဟု နယ်စပ် စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ အထိ တရုတ်-မြန်မာ နယ်စပ် တလျှောက် မူဆယ် တဘက်ကမ်း ရွှေလီမြို့၊ လောက်ကိုင်မြို့နှင့် ကပ်လျက် ကျင်းခန်းမြို့ တို့တွင် ကျည်အစစ်များ အသုံးပြု၍ ကြည်းကြောင်း-လေကြောင်း ပူးပေါင်း စစ်ရေးလေ့ကျင့်နေခြင်း ဖြစ်သည်။

“ သူတို့ (နမ့်ခမ်းမြို့မပြည်သူ့စစ်) အထပ်မြင့် တိုက်တွေမှာ ပြင်နေတာ နှစ်ရက်သုံးရက်ရှိပြီ။ တရုတ်စစ်တပ် ကျူးကျော်ရင် ခုခံမယ် ဆိုပြီးတော့ ကြွေးကြော်နေတာပဲ။ တကယ်က တရုတ်တပ် ဝင်ဖမ်းမှာကြောက်လို့ အခုလို ပြင်တယ်လို့ပဲ မြင်တယ်။ တကယ်ဝင်ဖမ်းရင် သူတို့ ဘာလုပ်နိုင်မှာလဲ” ဟု ၎င်းကသုံးသပ်သည်။

စစ်ကောင်စီ လက်အောက်ခံ မြို့မပြည်သူ့စစ်သည် ကျားဖြန့် ငွေလိမ်ဂိုဏ်းများအား အကာကွယ်ပေးထားပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုဖြင့် နာမည်ကျော်သဖြင့် ပြည်သူ့စစ် ခေါင်းဆောင်ပိုင်း အနေဖြင့် တရုတ်ဘက်မှ ဝင်ဖမ်းမည်ကို စိုးရိမ်နေကြောင်း ၎င်းကရှင်းပြသည်။

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ရုပ်သံဖိုင်တွင် တာဝေးပစ် စနိုက်ပါ ကိုင်ဆောင်ထားသည့် မြို့မ ပြည်သူ့စစ်တပ်ဖွဲ့များ အထပ်မြင့် တိုက်များပေါ်တွင် အသင့် အနေအထားဖြင့် နေရာယူထားသည်ကို တွေ့ရသည်။

မူဆယ်မြို့တွင် ပြည်သူ့စစ် အဖွဲ့ ၃၅ ဖွဲ့ရှိပြီး ဦးအိုက်ဆမ် ဦးဆောင်သည့် နမ့်ခမ်းမြို့မ ပြည်သူ့စစ်သည် အင်အားကြီးအဖွဲ့ဖြစ်ပြီး မြို့မပြည်သူ့စစ် အဖြစ် လူသိများသည်ဟု မူဆယ် ဒေသခံများက ဆိုသည်။

လက်ရှိ မူဆယ်မြို့သည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း မြို့သိမ်း တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားလာနိုင်သဖြင့် စိုးရိမ်ကြောင်း မြို့ခံများက ဆိုသည်။

ဝိုင်းပတ်ခံထားရသည့် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် ညီနောင်မဟာမိတ်တပ်များက ရာဇသံ ပေးထားပြီး ပြည်သူ့စစ်ခေါင်းဆောင် အများစု မန္တလေးမြို့သို့ ထွက်ပြေးနေသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

Most read this week

September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...
September 18, 2024
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ်တွင် တောင်ကျရေကြောင့် မြေပြိုမှုများဖြစ်ပွားကာ သေဆုံးသူ...