UN နှင့် စစ်ကောင်စီ စာနာမှုအကူအညီကိစ္စ ဆွေးနွေးမှု ထိရောက်မှုနည်းဟု KNU ပြော

UN နှင့် စစ်ကောင်စီ စာနာမှုအကူအညီကိစ္စ ဆွေးနွေးမှု ထိရောက်မှုနည်းဟု KNU ပြော

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး-UNOCHA နှင့် စစ်ကောင်စီတို့ စစ်ရှောင်များနှင့် ဘေးဒုက္ခ ကြုံတွေ့နေသူများကို အကူအညီပေးရေးကိစ္စ ဆွေးနွေးသော်လည်း ထိရောက်မှုနည်းနိုင်သည်ဟု ကေအဲန်ယူ-ကရင် အမျိုးသား အစည်းအရုံး၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် UNOCHA ယာယီညှိနှိုင်းရေးမှူးနှင့် စစ်ကောင်စီ၏ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတာဝန်ရှိသူတို့ နေပြည်တော်၌တွေ့ဆုံပြီး လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးကိစ္စဆွေးနွေးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

“သွားတွေ့တာကတော့ ပုံမှန်တွေ့ရိုးတွေ့စဉ် ပါပဲ။ ဒါပေမယ့် အကူအညီပေးရေးအတွက် သဘော တူစာချွန်လွှာ ကိစ္စဆွေးနွေးတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ထိရောက်မှုက မလွယ်ဘူး လို့မြင်တယ်။ ဘာဖြစ်လဲဆိုရင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေဟာ စစ်ကောင်စီဘက်က စာရင်း အတိအကျကောက်ယူထား တာတွေမရှိဘူး။ ပြီးတော့ သူတို့အုပ်ချုပ်ရေးနယ်မြေတွေက သိပ်မရှိ တော့ဘူး၊ ဝင်ရောက်ဖို့လည်း မလွယ်တော့ဘူး။ အဲဒါကြောင့် ကူညီမှုအပိုင်းက စစ်ရှောင်တွေထံ မရောက် နိုင်လောက်ဘူးလို့ မြင်တယ်” ဟု ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက ပြောသည်။

UNOCHA နှင့် စစ်ကောင်စီတို့ တွေ့ဆုံရာတွင် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးနိုင်ရေး၊ UNOCHA နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ခွင့်ဗီဇာကိစ္စများ၊ အကူအညီ လိုအပ်သူထံသို့ လူသားချင်းစာနာမှုအကူအညီ ပေးအပ်နိုင်ရေးနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမည့်အပေါ် ပြည်တွင်းဌာနေမဲ့ ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP အား UNOCHA က အသိပေးပြောဆိုခဲ့ပြီး လက်တွေ့ လုပ်ဆောင်သည့် အချိန်တွင် UNOCHA ၏ သဘောအတိုင်း စစ်ကောင်စီက လိုက်နာနိုင်မည်မဟုတ်ဟု ထင်မြင်ကြောင်း CIDKP ဒုညွှန်ကြားရေးမှူး စောခဲလေက ပြောသည်။

“စစ်ကောင်စီနဲ့ သွားလုပ်ဆောင်ရင်တော့ လုပ်ရတာ ခက်ခဲမယ်။ အခုစစ်ကောင်စီက သူတို့ကိုယ် သူတို့ တောင် ပြန်မကြည့်နိုင်ဘူး။ စစ်ရှောင်တွေကို သူတို့ ကြည့်ရှုဖို့က မဖြစ်နိုင်ဘူး။ UN ရည်ရွယ်ချက်က ပြည်တွင်းကနေ တစ်ဆင့် စစ်ရှောင်ဆီကို လွယ်ကူစွာ အကူအညီပေးသွားနိုင်ဖို့ အတွက်ဖြစ်မယ်။ ဒါပေမယ့် SAC ဘက်ကတော့ UNရဲ့ သဘောဆန္ဒအတိုင်းကို သူတို့ လိုက်နာနိုင်မှာမဟုတ်ဘူးလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများသည် အလွန်အမင်းစိုးရိမ်စရာဖြစ်နေပြီး နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြားတွင်လည်း အရပ်အသား အများအပြား သေဆုံးနေရသလို နိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုအကူအညီလိုအပ်သူ ၁၈.၆ သန်းအထိရှိကြောင်းလည်း UNOCHA က ထုတ်ပြန်ပြောဆိုထားသည်။

Most read this week

September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...
September 17, 2024
လာမယ့်အောက်တိုဘာမှာ စစ်ကောင်စီကောက်ယူမယ့် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းဟာ...