ကရင်နီပြည်မှာ စစ်ကောင်စီအာဏာသိမ်းကာလအတွင်း ဆက်သွယ်ရေးအင်တာနက်လိုင်းတွေ ပြတ်တောက်ပြီးတဲ့နောက် စစ်ဘေးရှောင် လူထုအများစုဟာ သတင်းအချက်အလက်တွေ ရယူသိရှိနိုင်ဖို့ ရေဒီယိုကိုသာ အားကိုးနေရတယ်လို့ လူထုတွေဆီကနေ သိရပါတယ်။
မြေပြင်မှာ မိမိတို့ မသွားလာနိုင်တဲ့ ဒေသဘက်က အခြေအနေတွေကို ကြိုတင်သိရှိထားနိုင်တဲ့ အပြင်
အချင်းချင်းအပြန်အလှန် သတိပေးနိုင်တာကြောင့် လက်ရှိမှာ ရေဒီယိုဟာ အကျိုးအများကြီး ဖြစ်စေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“အကျိုးရှိတာပေါ့နော်။ ကိုယ်တွေက အိမ်ပြန်လို့ရှိရင်လည်း မိုင်းတွေဘာတွေရှိတာပေါ့နော်။ အခုလိုမျိုး သတိပေးထားတဲ့သဘောပေါ့နော်။ ရေဒီယိုကနေနားထောင်တယ် သတိပေးထားတယ် ရရှိတယ်။ မိုင်းတွေ ပြန်နင်းမိမှာစိုးလို့ သားသမီးတွေလည်း ပြန်ပြောပြတာပေါ့နော်။ အခုလိုမျိုးသတင်းနားထောင်တဲ့ အတွက်ကြောင့် အကျိုးလည်းအများကြီးရှိတာပေါ့နော်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
လူထုတွေအနေနဲ့ သတင်းအချက်အလက်ရယူနိုင်ဖို့ ရေဒီယို လိုချင်ကြပေမဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားနပ်ရိက္ခာတွေတောင် ပုံမှန်မရကြတာကြောင့် ရေဒီယိုကို ဝယ်ယူဖို့ မတတ်နိုင်ကြသူတွေလည်း ရှိနေပါတယ်။
စစ်ရှောင်စခန်းတချို့တွေမှာတော့ စခန်းတစ်ခုလုံးမှာမှ ရေဒီယိုတစ်လုံးကိုသာ စုပေါင်းပြီး ဝိုင်းနားထောင်ကြတဲ့ အခြေအနေတွေ တွေ့ရတယ်လို့ ရေဒီယိုသွားရောက်ဖြန့်ဝေခဲ့တဲ့ ကန္တာရဝတီတိုင်း(မ်)သတင်းဌာန ရဲ့တာဝန်ခံ ဦးမာကုက အခုလိုပြောပါတယ်။
“ ကျနော်တို့ ရောက်ခဲ့တဲ့ တချို့ နေရာတွေဆိုလို့ရှိရင် စခန်းတစ်ခုလုံးမှာမှ ရေဒီယိုတစ်လုံးတည်းပဲရှိပြီးတော့ အဲ့ဒီရေဒီယိုတစ်လုံးတည်းကိုပဲ ဝိုင်းပြီးနားထောင်ရတဲ့ အနေအထားတွေတွေ့ရတာပေါ့နော်။ ဆိုတော့ လက်ရှိအခြေအနေမှာက သူတို့ သတင်းအချက်အလက်ရရှိဖို့က ရေဒီယိုက တစ်ခုတည်းသောနည်းလမ်းအကောင်းဆုံးနည်းလမ်းလို့ ပြောလို့ရတာပေါ့နော်။” လို့ ဦးမာကုကဆိုပါတယ်။
အခုလို ရေဒီယိုဖြန့်ဝေတဲ့ အစီအစဥ်တွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စတင်ကာ အလုံးရေ ၁၅၀၀ ကို ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့မှာ ဖြန့်ဝေခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ အလုံးရေ ၂၀၀၀ ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာတော့ ရေဒီယိုအလုံးရေ ၅၀၀၀ ကို လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မယ်စဲ့၊ ဘောလခဲ စတဲ့ မြို့နယ်တွေအထိ ဖြန့်ဝေခဲ့ပါတယ်။