စစ်တွေ မင်းဂံရပ်ကွက်က ဖမ်းဆီးခံထားရသူ အရပ်သားတချို့ ကို စစ်ကောင်စီတပ်မှ ငွေကျပ် ၇ သိန်းယူပြီး ပြန်လွှတ်ပေးနေ

စစ်တွေ မင်းဂံရပ်ကွက်က ဖမ်းဆီးခံထားရသူ အရပ်သားတချို့ ကို စစ်ကောင်စီတပ်မှ ငွေကျပ် ၇ သိန်းယူပြီး ပြန်လွှတ်ပေးနေ

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်က ဖမ်းဆီးခံထားရသူများအထဲက တစ်ချို့ကို စစ်ကောင်စီမှ  လူတစ်ဦး ငွေကျပ် (၇ )သိန်းယူ၍ ပြန်လွှတ်ပေးနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ခံတစ်ဦးက “ မနေ့ကပိုက်ဆံ (၇)သိန်းပေးလို့ လွတ်လာတဲ့ သူတစ်ချို့ရှိတယ်။ ပိုက်ဆံ တတ်နိုင်တဲ့သူတွေကတော့ လွတ်လာကြပါတယ်။ လက်လုပ်လက်စားတွေကျတော့ ဘယ်တတ်နိုင်ပါလဲ” ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ဖမ်းဆီးခံရသူ အရပ်သား  ၁၅၀ ကျော်အထဲက တချို့ကို  ခလရ(၂၀) တပ်ရင်း၊ တချို့ကို ရဲတပ်ရင်း (၁၂)၊  ရဲတပ်ရင်း (၃၆)နှင့် စစ်ရုံးချုပ်တို့တွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး အနည်းဆုံလူတစ်ဦး ငွေ ၇ သိန်းယူပြီး ပြန်လွှတ်ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

ငွေကြေးတတ်နိုင်သည့် မိသားစုဝင်တစ်ဦးက  “ မတရားမှန်းသိတယ်။ ဖမ်းဆီးအနှိပ်စက်ခံတဲ့အပြင်  သတ်ပစ်မှာကို စိုးရိမ်ရတယ်။ ဒီနေ့လည်း  မတရားဖမ်းခံရတဲ့သူတွေကို ပိုက်ဆံနဲ့ထုတ်ဖို့ သွားနေရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ရှင်ဖို့ လွတ်မြောက်နိုင်ဖို့က အဓိက။ ဗျိုင်းဖြူရွာက လူတွေလို သတ်ပစ်မှာကို ကြောက်လို့ သူတို့တောင်းတဲ့အတိုင်း ပေးရတာပါ” ဟု ပြောသည်။

စစ်တွေမြို့သည် စစ်ကောင်စီ အုပ်ချုပ်ရေး ဆက်လက်တည်ရှိနေသည့် မြို့ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ဥက္ကဋ္ဌ ဦးထိန်လင်း ကိုယ်တိုင် လက်ရှိ အချိန်ထိ ညွှန်ကြားအုပ်ချုပ်နေသေးသည်ဟု သိရသည်။

စစ်တွေမြို့ မှ နိုင်ငံရေးသမားတစ်ဦးက “ စစ်တွေမြို့မှာ ဘယ်သူ့ကိုမှ အားကိုးလို့မရတော့ဘူး။ အခုဖြစ်စဉ်ကိုကြည့်ရင် ပြည်သူတွေအနေနဲ့  ဘာအပြစ်မှ မရှိဘဲ အဖမ်းခံရတယ်။ ပြည်နယ်အစိုးရ ဦးထိန်လင်းတို့ လည်း ဘာမှ တာဝန် မယူနိုင်တော့ဘူး။ စစ်တွေမှာ ဘယ်သူဘဲဖြစ်ဖြစ် ရခိုင်ဆိုတာနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တယ်။  အခုက ဒီစစ်တပ်လက်ထဲမှာ ကြက်ကလေး ငှက်ကလေးလို ဖြစ်နေကြရပြီ” ဟု ပြောဆိုသည်။

စစ်တွေမြို့တွင်  ဇွန်လ ၁၅ရက်နေ့ ည ၁နာရီခန့်က မင်းဂံအကွက်(၅) မှ မင်းဂံအကွက် (၁၀)ထိ အကွက် (၅) ခု စစ်ကောင်စီတပ်သားများနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များသည်  စစ်ကား (၁၀) စီးဖြင့် ဝင်ရောက်ကာ တစ်စုံတစ်ရာ အပြစ်မရှိ ဘဲ လူပေါင်း (၁၅၀) ကျော်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများ အထဲတွင် အသက် (၁၃)နှစ်မှစ၍ အသက်(၆၀)ကျော်အထိ အသက်အရွယ်လိုက် အမျိုးမျိုးပါဝင်ပြီး တစ်ဦးကို ပိုက်ဆံ ၇ သိန်းမှ ၉ သိန်းအထိ တောင်းခံကာ စစ်ကောင်စီက ပြန်လွှတ်ပေးနေကြောင်း သိရသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...