ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား တပ်မတော် TNLA ၏ တပ်စခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မိုးမိတ်မြို့နယ်ရှိ တအာင်းတပ် TNLA ၏ တပ်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာမှ ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
PSLF/TNLA ပြန်ကြားရေး တာဝန်ရှိသူ လွေးယေဦးက “ဇွန်လ ၉ ရက်နေ့က လေးနာရီခွဲ ဝန်းကျင်မှာ ပစ်တာ။ နှစ်ကြိမ်ပေါ့၊ လက်နက်ကြီးပစ်ခတ်တာတွေ နောက်တစ်ခုက ပေါင် ၅၀၀ ဗုံးနဲ့တစ်ကြိမ် လာကြဲသွားတာ။ တိုက် ခိုက်တဲ့နေရာကတော့ ပန်တင်နဲ့ မန်ပြိန်းရွာကြား ဖြစ်ပါတယ်” ဟု ပြောသည်။
မိုးမိတ်မြို့နယ်ရှိ PSLF/TNLA တပ်စခန်းအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးဖြင့် ၁ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
မိုးမိတ်မြို့နယ် ပန်တင်ကျေးရွာနှင့် မန်ပိန်းကျေးရွာအကြားရှိ တအာင်းတပ် (TNLA) ၏ စခန်းအား ဇွန်လ ၉ ရက်နေ့၊ ညနေပိုင်း ၄ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး လာရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ညနေပိုင်း ၅ နာရီကျော် အချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံးဖြင့် ထပ်မံ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်ခံရမှုထဲ တအာင်းတပ် TNLA က တပ်ဖွဲ့ ဝင် ၃ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့သည် ဟု လွေးယေဦးက ဆက်ပြောသည်။
“ဒီ တိုက်ခိုက်ခံရမှုမှာ ကျမတို့ တပ်က ၃ ဦးတော့ ထိခိုက်သွားတယ်။ အခု သူတို့က ဆေးကုသမှု ခံယူနေပါ တယ်။ ဒီတိုက်ခိုက်မှုပြီး နောက်ပိုင်းတော့ လက်ရှိအချိန်ထိတော့ တိုက်ပွဲသတင်းတက်လာတာ မရှိသေးဘူး။ ဒီလိုမျိုး စစ်ကောင်စီက ထပ်ပြီး လာကြဲတာမျိုးလည်း မတွေ့ရသေးဘူး။”
စစ်ကောင်စီတပ်က မိုးကုတ်နှင့် မိုးမိတ်မြို့နယ် အတွင်းရှိ တအာင်းတပ် TNLA တပ်စခန်းများကို ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်း လက်နက်ဖြစ်သည့် ပေါင် (၅၀၀) ဗုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု TNLA က ဆိုသည်။
ယခုလ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့ အထိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များ ရှိသည့် နေရာများဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်များထဲက TNLA ထိန်းချုပ်ထားသည့် နေရာများကို စစ်ကောင်စီတပ်ဘက်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်လေ့ရှိ သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တို့အကြား ဟိုင်ဂင်သဘောတူချက်အရ အပစ်ခတ် ရပ် ထားကြသော်လည်း ၎င်းတို့ (စစ်တပ်) ဘက်က လိုက်နာမှု မရှိဘဲ TNLA တပ်စခန်းတည်ရှိရာ နေရာများကို မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု လွေးယေဦးက ပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသထဲက လားရှိုးနှင့် မူဆယ်မြို့နယ်ထဲ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ဖြည့်တင်းမှုများရှိနေသည်ဟု ဒေသခံပြည်သူများက ပြောသည်။