ဒေသတွင်း သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ရေးအတွက် ဘိုးဘွားစဉ်ဆက်က သစ်တောအပေါ် ထားရှိသည့် မိရိုးဖလာဓလေ့ထုံးတမ်းများနှင့် ပြန်လည်ထိန်းသိမ်းရန်လိုအပ်ကြောင်း ဒေသအတွင်း သစ်တောထိန်းသိမ်းသူများက ထောက်ပြပြောဆိုကြသည်။
ဇွန်လ (၅)ရက်နေ့တွင် ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးကွန်ရက်-KRWမှ ကျင်းပသည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် “သစ်တောမှသည် ပျော်ရွှင်ငြိမ်းချမ်းခြင်းဆီသို့ ”ဆောင်ပုဒ်ဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက် မှုပြဿနာနှင့် နိုင်ငံဖြတ်ကျော် လေထုညစ်ညမ်းမှု ပြဿနာနှင့်ပတ်သက်၍ ဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ရှိသူများ စကားဝိုင်းတွင် ထိုသို့ ထောက်ပြပြောဆိုထားခြင်းဖြစ်သည်။
စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သစ်တောဌာနမှူး ပဒိုမန်းဘထွန်းက “အကြောင်းအမျိုးမျိုးကြောင့် သစ်တောပြုန်းတီးမှုက များလာတယ်။ ထင်းခုတ် တာတစ်ခုထဲမဟုတ်ဘူး။ သစ်တောနယ်မြေမှာ သတ္တုတွေတူးတာ အကြောင်းအမျိုးမျိုးကြောင့်ပေါ့။ ဒေသအသီးသီးမှာဆိုးကျိုးတွေ ခံစားရပြီးဖြစ်တယ်။ သစ်တောဖွံ့ဖြိုးမှုက ပြန်လုပ်ဆောင်ဖို့လိုတယ်။ ကျနော်တို့ကော်သူးလေဒေသမှာ ဓလေ့ထုံးတမ်းပြန်လိုက်နာမှုအားနည်း လာတာတွေ့ရတယ်။ သစ်တော၊ ချောင်းအပေါ်မှာကောင်းမွန်တဲ့ ဓလေ့ထုံးတမ်းရှိတယ်။ အဲဒီဓလေ့ထုံးတမ်းကို ပြန်လိုက်နာ ဖို့လိုအပ်လာတယ်”ဟု ဆွေးနွေးပွဲတွင် ထောက်ပြပြောဆိုထားသည်။
သစ်တော ထိန်းသိမ်းရေးနှင့်ပတ်သက်၍ ပေါ်လစီများ ချမှတ်ထားခြင်းရှိသော်လည်း လိုက်နာကျင့်သုံးမှုအားနည်းသလို အကောင်အထည်ဖော်မှုကိုလည်း ခေါင်းဆောင်းများမှအစ လူထု အားလုံးပူးပေါင်းဆောင်ရွက်မှသာ ရရှိမည်ဖြစ်ကြောင်းလည်း ဒေသတွင်း သစ်တောထိန်းသိမ်းသူများက ပြောသည်။
“တစ်ကမ္ဘာလုံးရာသီဥတုဖောက်ပြန်မှုကလည်း ဌာနေတိုင်းရင်းသားရဲ့ ဓလေ့အပေါ်မှာ ရိုက်ခတ်မှု အများကြီးရှိတယ်။ ကျနော်တို့ ဌာနေတိုင်းရင်း သားတွေနဲ့ ဘယ်လိုပြင်ဆင်ဖို့လိုမလဲဆိုရင် ဌာနေတိုင်း ရင်းသားတွေရဲ့အနေနဲ့ ပြောင်းလဲနေ တဲ့အခြေအနေတွေကို ပိုမိုသိဖို့ အမြင်ဖွင့်တွေလုပ်ရမယ်။ သူတို့ဒေသဓလေ့အရ ထိန်းသိမ်းလာတယ် ။ တောက်လျှောက်ကျင့်သုံးလာတဲ့အပေါ်မှာ အားကောင်းအောင်မြှင့်တင်ပေးဖို့လိုတယ်။ အခုနိုင်ငံရေးအရ အကွက်ချစီစဉ်ပြီး ဌာနေတိုင်း ရင်းသားတွေရဲ့ဓလေ့တွေ ယဉ်ကျေးမှုတွေ ပျောက်ပျက်အောင်လုပ်တာရှိတယ်။ ဒါတွေကို ကျနော်တို့ဌာနေတိုင်းရင်းသားတွေသိဖို့လိုတယ်” ဟု ပြောသည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့်တိုက်ပွဲကြောင့် ဌာနေတိုင်းရင်းသားပြည်သူလူထုများသည် ရွှေ့ပြောင်းတိမ်းရှောင်ရသည့်အတွက် စစ်ရှောင်များနေထိုင်နိုင်ရန် သစ်၊ ဝါးများ အသုံးပြုရ၍ သဘာဝအရင်းအမြစ်မျှဝေသုံးစွဲရသလိုတော်လှန်ရေးအတွက် သဘာဝပတ်ဝန်းကျင် အသုံးပြုရခြင်းရှိကြောင်း စောအယ်စေးက ဖြည့်စွက်ပြောသည်။
ကရင်နီပြည်နယ်ရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်သည် ပြောင်းရွှေ့တိမ်းရှောင်နေရပြီး အဆိုပါစစ်ရှောင်များသည်အတွက် သဘာဝပတ်ဝန်းကျင်ကို သုံးစွဲနေရကြောင်း၊ လက်ရှိအချိန်တွင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရသလို တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ကို အသုံးချရသည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိလာကြောင်းကိုလည်း စောအယ်စေးက ဆိုသည်။
ပြီးခဲ့သည့် မေလထဲတွင် တောမီးရှို့ခြင်းနှင့် စိုက်ပျိုးမြေများအား မီးရှို့ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု နှစ်စဉ်ဖြစ်ပေါ်လာကာ ကျန်းမာရေးထိခိုက်မှုရှိခဲ့သည်ကို ပညာရှင်များက ထောက်ပြခဲ့သည်။
ထိုင်းနိုင်ငံနှင့် ထိစပ်သည့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင်နေထိုင်သည့် တိုင်းရင်းသားများအနေဖြင့် တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေများ မီးရှို့ခြင်းကိုရှေးယခင်းကတည်းက ကျင့်သုံးလာကာ အလေ့အကျင့်များ၊ စည်းမျဉ်းစည်းကမ်းများအတိုင်းကျင့်သုံးလာခဲ့ခြင်းလည်းဖြစ်သည်။
သစ်တောများထိန်းသိမ်းရန်နှင့် အစားထိုး စိုက်ပျိုးရန်အတွက် ဇူလိုင်လ တစ်လလုံးတွင်လည်း ကော်သူးလေ သစ်ပင်စိုက်နေ့အဖြစ်သတ်မှတ်ကာ ဒေသအသီးသီးတွင် နှစ်စဉ် သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ခြင်းလည်းရှိကြောင်းသိရသည်။