တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လတ်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့က မဟာမိတ်အဖွဲ့ (7 EAO Alliance) ကို ဖွဲ့စည်း၍ ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရန်နှင့် သက်ဆိုင်သူများပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ်လ(၁၈)ရက်နေ့ က ထုတ်ပြန်ပြောဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် မတ်လ(၁၇)ရက်နှင့် (၁၈)ရက်နေ့ နှစ်ရက်တာ ပြုလုပ်ကျင်းပခဲ့သော အပစ်ရပ်အဖွဲ့(၇)ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးအတွက် အဆိုပါမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု စည်းဝေးပွဲအပြီးထုတ်ပြန်ချက်အရ သိရသည်။
“လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ စစ်ရေးပိုပြီးကျယ်ပြန့်လာပြီးတော့ နိုင်ငံရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက နည်းလာတယ်။ ကျနော်တို့ 7 EAO Alliance အဖွဲ့ဖွဲ့ရတာကလည်း အဲဒီနိုင်ငံရေးဆွေးနွေးမှုတွေအပေါ်မှာ အများကြီးမူတည်နေပါတယ်။ နယ်မြေအခြေအနေနဲ့ပတ်သက်လို့ အကောင်အထည်ဖော်ရာမှာ အခက် အခဲရှိမယ်ဆိုပေမယ့် ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကြိုးစားလုပ်ဆောင်သွားမှာပါ” ဟု ထုတ်ပြန်ချက်ပါပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ပြည်သူလူထုအကာအကွယ်ပေးရေးတွင် တာဝန်ရှိသည်ကို သိရှိစေခြင်း၊ သက်ဆိုင်သူများပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန်ဆောင်ရွက်ခြင်းတို့ကိုလည်း မဟာမိတ်အဖွဲ့ အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။
တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးကလည်း “စစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ပွဲပြင်း ထန်နေတဲ့အနေအထားမှာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့လုပ်ငန်းတွေ၊ နိုင်ငံရေးလုပ်ငန်းတွေက တကယ် တမ်းလုပ်ဆောင်နိုင်မှာလားဆိုတာ စောင့်ကြည့်ရမယ့်အနေအထားပါပဲ” ဟု အပစ်ရပ် အဖွဲ့များ၏ထုတ်ပြန်ချက်အပေါ် သုံးသပ် ပြောဆိုသည်။
ထို့အပြင် နိုင်ငံရေးလုပ်ငန်းစဥ်များကို အကောင်အထည်ဖော်ရန် မဟာမိတ်အဖွဲ့၏ခေါင်းဆောင်အဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် နိုင်အောင်မင်းတို့ကို တာဝန်ပေးအပ်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST အနေဖြင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေသော အပစ်ရပ်အဖွဲ့(၇)ဖွဲ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ(RCSS), မွန်ပြည်သစ်ပါတီ(NMSP), ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP), ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO), လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU), ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA), ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့ ပါဝင်သည်။
လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ပဋိပက္ခများကြောင့် ပအိုဝ်းအဖွဲ့က စစ်ကောင်စီအား တော်လှန်ရေး အင်အားစုများနှင့်လက်တွဲကာ တော်လှန်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန် လုပ်ဆောင်လျက်ရှိသလို မွန်ပြည်သစ်အဖွဲ့မှခွဲထွက်လာသော နိုင်ဇေယျာဦးဆောင်သည့် NMSP-AD အဖွဲ့ကလည်း မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအစုအဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်လျက်ရှိသည်။