မူဆယ် PDF လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်နေ

မူဆယ် PDF လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်နေ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး အွန်လိုင်းမှ စာပို့ခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၆ ရက်)မှ စတင်ပြီး မူဆယ်မြို့ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံသို့ အမည်မသိ လူတစ်စုမှ MSPDF အမည်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး အွန်လိုင်းမှ စာပို့ခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံနေကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“မူဆယ် PDF ဆိုပြီး တကယ်လှုပ်ရှားနေတာ မရှိဘူး။ အမည်မသိ လူတစ်စုက PDF နာမည်ယူပြီး လုပ်စားနေတာ။ ဓာတ်ပုံနဲ့ viber ကနေ စာပို့ပြီး ငွေတောင်းခံရတဲ့သူတော့ လုံခြုံရေး စိုးရိမ်ရတယ်။ အခု ခြိမ်းခြောက်ခံရတဲ့သူဆိုရင် လုပ်ငန်းအကြီးစား လုပ်နေတာလည်း မဟုတ်ဘူး။ မိသားစု တနိုင်တပိုင်ပဲ ငွေလဲလုပ်နေတာ”ဟု မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေသည့် MSPDF ဆိုသည့် အယောင်ဆောင်အဖွဲ့မှ ငွေညှစ်တောင်းခံလိုသူ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်တို့ဖြင့် တစ်ဦးချင်းစီ လိပ်မူပြီး အခွန်ဆောင်ရန် အကြောင်းကြားစာတွင် မူဆယ်တွင် နေထိုင်ခြင်းကြောင့်လည်းကောင်း၊ ငွေကြေးပိုင်ဆိုင်မှု ကြောင့်လည်းကောင်း မဖြစ်မနေ ထည့်ဝင်ရမည်ဟု ရေးသားထားသည်။

၎င်းအယောင်ဆောင်အဖွဲ့ထံသို့ အခွန်ဆောင်ရန် တောင်းဆိုသည့် ငွေကြေးပမာဏသည် အလွန်များပြား၍ ငြင်းဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်မယူဟု ခြိမ်းခြောက်ထားသည်။

ထို့အပြင် ငွေမလွှဲခင် Viber တွင် KPay အကောင့် တောင်းရန်နှင့်  ၎င်းတို့ထံ တစ်ကြိမ် အခွန်ဆောင်ပြီးသူ ဖြစ်ပါက ပြန်ပေးဆွဲခံရလျှင် လက်မှတ်ဖြင့် ကင်းလွတ်ခွင့် ရမည်ဟုလည်း ခြိမ်းခြောက်ထားသည်။

“မြို့ပေါ်မှာ စစ်ကောင်စီက ကင်းပတ်လှည့်နေလည်း ဘာလုံခြုံရေးမှ ထိရောက်မှု မရှိဘူး။ လူဖမ်းသွားပြီးတော့ ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာလည်း ရှိနေတုန်းပဲ။ စစ်ကောင်စီကပဲ လက်နက်ကိုင်တပ်ဖွဲ့ အယောင်ဆောင်ပြီး ငွေညှစ်နေတယ်လို့ ပြည်သူတွေက အဲ့လိုမျိုး ယူဆနေကြတယ်။ ဘယ်အဖွဲ့ရယ်လို့ တိတိကျကျ မသိရတာပေါ့”မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မူဆယ်မြို့သည် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် တရားမဝင် လုပ်ငန်းများ စုံလင်ပေါများသည့် ဒေသဖြစ်သည့်အတွက် သေနတ်ပစ်ခတ်မှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးမိလျှင် စစ်ကောင်စီလက်အောက်ခံ မန်ပိန်းပြည်သူ့စစ် စသည်ဖြင့် လက်နက်ကိုင်ဆောင်သူများသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများက ပြောသည်။

“တကယ့်အဖွဲ့အစည်းဆိုရင် ဒီလောက်ကြီးအထိ ခြိမ်းခြောက်ပြီး ငွေညှစ်စရာ မလိုဘူးလို့ထင်တယ်။ အွန်လိုင်းက စာပို့ပြီး ငွေတောင်းတာ များလာတော့ လုံခြုံရေး စိတ်ပူရတာပေါ့။ လူကိုပဲ လာဖမ်းသွားမလား၊ ဗုံးပဲ လာပစ်မလားပေါ့။ မိသားစုအတွက်လည်း စိုးရိမ်ရတယ်”ဟု မူဆယ်မြို့မှ ငွေလဲလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မူဆယ်မြို့နယ်တွင် TNLA ၊ KIA နှင့် SSPP/SSA စသည့် လက်နက်ကိုင် တပ်ဖွဲ့များမှလည်း ပြည်သူလူထုထံ အခွန်ကောက်ခံသော်လည်း လုံခြုံရေး အာမခံချက် မရှိကြောင်း ဒေသခံများထံမှ သိရသည်။

" TNLA ငွေကောက်ရင်လည်း တခုခု၊ တဖွဲ့ဖွဲ့က ငွေလာတောင်း ကောက်ရင်တိုင်ပါလို့ပြောပေမယ့် တကယ်အရေးအကြောင်းဆို ဘယ်သူမှ တိုင်လို့မရဘူး။ တချို့ဆိုရင်ကြောက်လို့ ပေးနေရတာ မနည်းတော့ဘူး။ ငွေတော့ကောက်တက်တယ် လုံခြုံရေးတော့ ဘယ်သူမှမယူပေး"ဟု မူဆယ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မူဆယ်မြို့ပေါ်သို့ အခြားအဖွဲ့အစည်းများမှ လာရောက်ခြိမ်းခြောက် ငွေတောင်းခံပါက ထိုသူအား မှတ်မိလျှင် ဓာတ်ပုံနှင့်တကွ ၎င်းတို့ထံ တိုင်ကြားနိုင်ကြောင်းသာ TNLA တပ်ဖွဲ့၏ အကောက်ခွန်အရာရှိများက ပြောဆိုကြောင်း မူဆယ်ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်တွင်လည်း မူဆယ်မြို့ ဈေးရပ်ကွက်နေ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး၏ နေအိမ်သို့ အမျိုးသား ၄ ဦးမှ လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး ဝင်ရောက်ဓားပြတိုက်ခဲ့ကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

October 11, 2024
မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ...
October 10, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ...
October 9, 2024
သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှကြောင့် အရပ် သား ၁...
October 8, 2024
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်...