မန်းရှာလားဖန်း (၁၉၄၃-၂၀၀၈)

မန်းရှာလားဖန်း (၁၉၄၃-၂၀၀၈)

မောင်ကျော်စွာ — ကျွန်တော် ကောင်းစွာ သိမီလိုက်သော ကရင်တော်လှန်ရေးခေါင်းဆောင်များထဲတွင် ပဒိုမန်းရှာလားဖန်းလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားလူငယ်အများစုက လေးစားခင်မင်စွာဖြင့် မန်းရှာ သို့မဟုတ်  ပဒိုမန်းရှာ ဟုသာ ပြောဆိုခေါ်ဝေါ်ကြပါတယ်။ တချို့ကလည်း ဆရာမန်းရှာလို့ခေါ်ကြပါတယ်။

မာနယ်ပလော မကျမီ တစ်ခုသောနေ့၌ မန်းရှာသည် ကျွန်တော်နေရသော အိမ်ကလေးသို့ပေါက်လာပြီး ခင်ဗျားဇနီးနဲ့ သမီးလေးကို ခင်ဗျားဒေါ်လေးနဲ့အတူ တစ်ဖက်ကမ်းက ပဟီလူရွာကို သွားပြီးနေပါစေ။ ခင်ဗျားတို့ ကျွန်တော်တို့ကတော့ အခြေအနေကြည့်ပြီးနောက်မှ ဆုတ်သင့်ရင် ဆုတ်ကြတာပေါ့လို့ မန်းရှာက ကျွန်တော့်ကို ကြည့်ပြီး ပြောပါတယ်။

သူ့စကားထဲက “ခင်ဗျားအဒေါ်” ဆိုတာဟာ မန်းရှာရဲ့ဇနီး နန့်ကျင်ရွှေကို ပြောတာပါ။ ကျွန်တော်တို့က နန့်ကျင်ရွှေကို “ဒေါ်လေး”လို့ ခေါ်ကြတယ်။ တကယ်တော့ မန်းရှာနဲ့ နန့်ကျင်ရွှေဟာ အသက်အရွယ်ပိုင်းအရ ဆိုလျှင် လည်း ကျွန်တော်တို့အတွက် ဦးလေးနဲ့ဒေါ်လေးကဲ့သို့ ဖြစ်နေပြီး လက်တွေ့ဆက်ဆံရေးမှာလည်း ကျွန်တော်တို့အပေါ် သူတို့ဇနီးမောင်နှံရဲ့ ဖေးမ ကူညီ စောင့်ရှောက်မှုကလည်း ဦးလေးသဖွယ် ဒေါ်လေးသဖွယ်ဖြစ်ပါတယ်။

ကျွန်တော်တို့လင်မယားလည်း မန်းရှာပြောလာတာကို “ဟုတ်ကဲ့” လို့သာ တစ်ခွန်းပြောပြီး ကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတချို့ထုပ်ပိုးကာ ကျွန်တော့်ဇနီးနဲ့ ၈လအရွယ် တစ်ဦးတည်းသော သမီးကလေးကို ပဟီလူရွာသို့ ဒေါ်လေးနန့်ကျင်ရွှေတို့နဲ့အတူ စိတ်ချလက်ချ ထည့်ပေးလိုက်ပါတယ်။

မန်းရှာကျဆုံးတာ ယခုနှစ် (၂၀၂၄ ခုနှစ်) ဆိုလျှင် ၁၆ နှစ်ပြည့်ပါပြီ။ အကယ်၍ သူသာ ယခုကဲ့သို့ မကွယ်လွန် သေးဘဲ အသက်ထင်ရှားရှိနေအုံးမည်ဆိုလျှင် အသက်အားဖြင့် ၈၀ကျော် ဖြစ်ပါလိမ့်မယ်။

မန်းရှာလားဖန်းဆိုတာ တော်လှန်ရေးထဲက သူ့နာမည်ဖြစ်ပါတယ်။ ကျောင်းသားဘဝက နာမည်က “စချစ်ဆွေ” ဖြစ်ပါတယ်။ မန်းရှာလားဖန်း (ခ) စချစ်ဆွေကို ၁၉၄၃ခုနှစ်၊ ဇူလိုင်လ ၅ရက်နေ့မှာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာမှာ မွေးဖွားပါတယ်။

၁၉၆၂ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်သို့တက်ရောက်ခဲ့ပြီး ပထဝီဝင်ဘာသာယူခဲ့သူဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ကျောင်းပြီးဆုံးတဲ့ ၁၉၆၆ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် တက်ရောက်နေစဉ်ကာလတွင် ကေအဲန်ယူပီပါတီ (KNUP) ၏ မြေအောက်တော်လှန်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

၁၉၆၇ခုနှစ် ဗိုလ်နေဝင်းစစ်အုပ်စုက ဖန်တီးတဲ့ “တရုတ်ဗမာအရေးအခင်း” အတွင်း ကေအဲန်ယူပါတီဌာနချုပ် ရှိရာ ပဲခူးရိုးမတိုင်းသို့ မန်းရှာရောက်ရှိလာပြီး တစ်ဖက်နိုင်ငံ၌ လုပ်ကြံခံရပြီး ကွယ်လွန်သည်အထိ တော်လှန်ရေးတာ ဝန်များကို ထမ်းဆောင်သွားပါတယ်။ ကေအဲန်ယူပီပါတီရဲ့ မြေအောက်တော်လှန်ရေးလုပ်ငန်းများကို စတင်ထမ်း ဆောင်တဲ့ တက္ကသိုလ်ကျောင်းသားဘဝ ၁၉၆၂ခုနှစ်ကနေ ကွယ်လွန်သည့် ၂၀၀၈ခုနှစ်အထိ နှစ်ပေါင်း (၄၆)နှစ်မျှ ကရင့် တော်လှန်ရေးတာဝန်များကို ထမ်းရွက်သွားခဲ့တာပါ။

လူသိများထင်ရှားတဲ့ သူ့လက်သုံးစကားတစ်ခွန်းကတော့ “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှု ရှိရမယ်” တဲ့။

သူဟာ သူပြောခဲ့တဲ့စကားနဲ့အညီ နေထိုင်ဖြတ်သန်းသွားတယ်လို့ ကျွန်တော် အလေးအနက်ယုံကြည်ပါတယ်။ အရေးကြီးဆုံးအချက်က သူဟာ ကရင့်တော်လှန်ရေးကို သူ့အတ္တကိုယ်ကျိုးအတွက် အသုံးမချခဲ့ဘူး။ ရိုးရိုးရှင်းရှင်း နေထိုင်သွားတယ်။ အသောက်အစားကင်းတယ်။ မပြတ်သော လေ့လာမှုရှိသူဖြစ်တယ်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံသွေး စည်းညီညွတ်ရေးနဲ့ တပ်ပေါင်းစုရေးရာ ကိစ္စတွေမှာ မန်းရှာဟာ အထူး ကြိုးပမ်းအားထုတ်ခဲ့တာကိုတွေ့ရတယ်။

သူ့အသက်အရွယ် ၂၉ နှစ်မှာ ရေးသားတင်ပြခဲ့တဲ့ “ဗမာပြည်လူမျိုးစုများ ပြဿနာစာတမ်း” ကို ဖတ်ကြည့်ရင် သူ့လေ့လာမှု အတိုင်းအတာကို ကောင်းကောင်း သိရှိသဘောပေါက်နိုင်ပါတယ်။

မာ့က်စ်လီနင်ဝါဒ၊ စတာလင်ရဲ့လူမျိုးစု စာတမ်းများ၊ ဥက္ကဋ္ဌကြီးမော်စီတုန်းရဲ့ အဘိဓမ္မာဆောင်းပါးလေးစောင်၊ စစ်ရေး ၆စောင်နဲ့ မော်စီတုန်းလက်ရွေးစင်ကျမ်းတွေကို အသေအချာလေ့လာဖတ်ရှုခဲ့တာကို အထင်အရှားတွေ့ရမှာ ဖြစ်သလို သူလေ့လာဖတ်ခဲ့တာတွေကို သူကိုယ်တိုင် ပါဝင်ဖြတ်သန်းတဲ့တော်လှန်ရေး လက်တွေ့ဘဝနဲ့ ဆက်စပ်ကြည့် တာ အကဲဖြတ်ကြည့်တာတွေကိုလည်း သူလုပ်ခဲ့တယ်။

အဲဒီလို တော်လှန်ရေးသဘောတရားတွေကို လေ့လာပြီး တော်လှန်ရေးလက်တွေ့နဲ့ လေ့လာပေါင်းစပ်မှုဆိုတာ ကို သူ့စာတမ်းဖြစ်တဲ့ “ဗမာပြည်လူမျိုးစုများ ပြဿနာစာတမ်း” ကို ဖတ်ကြည့်ရင်သိနိုင်ပါတယ်။ သူ့ယူဆချက် သူ့ ထင်မြင်ချက်တွေကို လက်ခံနိုင်တာ သဘောတူနိုင်တာ မတူနိုင်တာကတော့ ကိစ္စတစ်ပိုင်းဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့ အဓိကအချက်က တော်လှန်ရေးသဘောတရားတွေ၊ တော်လှန်ရေးစာပေတွေကို မန်းရှာဖတ်ခဲ့ တယ်၊ သူဖတ်ခဲ့သမျှကို သူကိုယ်တိုင်ပါဝင်တဲ့ တော်လှန်ရေးဘဝနဲ့ လက်တွေ့ပေါင်းစပ်ကြည့်သွားတယ် ဆိုတဲ့အချက် ပါပဲ။

ဒါတွေဟာ သူပြောခဲ့တဲ့စကားဖြစ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်း မှုတွေပဲလို့ ကျွန်တော်ပြောချင်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်လူငယ်တွေဟာ ရှေ့က ကိုယ်ကျိုးစွန့်အသက်စွန့်သွားတဲ့ တော်လှန်ရေးခေါင်း ဆောင်ကြီးတွေကို လေးစားဂုဏ်ယူကြတယ်။ ပါးစပ်ကနေ လေးစားအားကျ ဂုဏ်ယူနေရုံနဲ့ မပြီးပါဘူး သူတို့ညွှန်ပြခဲ့တဲ့ သူတို့ စံနမူနာပြသွားခဲ့တဲ့၊ သူတို့သင်ခန်းစာပေးသွားတဲ့ သမိုင်းဖြတ်သန်းမှု အတွေ့အကြုံနဲ့သင်ခန်းစာတွေကို လေး လေးနက်နက် လေ့လာခံယူ ပွားများတိုးချဲ့ကြပြီး တော်လှန်ရေးကို အမြန်ဆုံးအောင်ပွဲရအောင် လက်တွေ့ကြိုးပမ်း ကြရမှာပါ။

ကျွန်တော်တို့ ရှေ့က လူပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ သမိုင်းဖြတ်သန်းမှုတွေနဲ့ တော်လှန်ရေးအတွေ့အကြုံ သင်ခန်း စာတွေကို လေ့လာကြရာမှာ ဘယ်လို စဉ်းစားတွေးခေါ်မှု အမြော်အမြင်နဲ့ ဘယ်လို လမ်းစဉ်ပေါ်လစီနဲ့ လုပ်ငန်းလက် တွေ့လုပ်ဆောင်မှုတွေက တော်လှန်ရေးနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတွေရဲ့ လက်တွေ့လက်ငင်းအကျိုးစီးပွားကို ဘယ်လိုအကျိုးဆက် သက်ရောက်မှုတွေ ရရှိဖြစ်ပေါ်စေခဲ့သလဲ (သို့တည်းမဟုတ်) ဘယ်လိုထိခိုက်နစ်နာစေခဲ့သလဲ ဆိုတဲ့ အချက် ၂ချက်နဲ့ နှိုင်းယှဉ်ပြီး လေ့လာရမှာပါ။

ဒီလိုလေ့လာတာမှာလည်း ကောင်းတာနဲ့ဆိုးတာ၊ အကျိုးပြုတာနဲ့အကျိုးပျက်ပြားစေတာ ဆိုပြီး အဖြူ/အမည်း ခွဲဖို့ သက်သက်မဟုတ်ဘဲ စံနမူနာယူစရာကို ပြတ်ပြတ်သားသား? လေးလေးနက်နက် အတုယူကြပြီး ရှောင်ကျဉ်စရာ သင်ခန်းစာတွေကိုလည်း ပြတ်ပြတ်သားသား၊ လေးလေးနက်နက် သတိပြု ရှောင်ကွင်းသွားနိုင်ကြဖို့ကသာ အဓိကဖြစ် ပါတယ်။

၁၉၇၀ ပြည့်နှစ်ထဲမှာ ကျင်းပတဲ့ (KNUP) ကေအဲန်ယူပါတီ (၇)ကြိမ်မြောက် ဗဟိုကော်မတီအစည်းအဝေးက တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒုတိယအကြိမ်မြောက် လေ့လာရေးကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြပါ တယ်။ ထိုကိုယ်စားလှယ်အဖွဲ့ကို “တံခွန်နီအဖွဲ့” လို့အမည်ပေးပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ကေအဲန်ယူပါတီ ပေါ်လစ် ဗျူရိုအဖွဲ့ဝင် ဆရာကြီးစကောလယ်တောက ခေါင်းဆောင်ပါတယ်။ အဖွဲ့ဝင် စုစုပေါင်း (၃၆)ဦးပါရှိတဲ့ ထို “တံခွန်နီ အဖွဲ့”မှာ မန်းရှာလားဖန်းဟာ အတွင်းရေးမှူးအဖြစ် တာဝန်ယူရပါတယ်။ တံခွန်နီအဖွဲ့ဟာ ခရီးစဉ်အတွင်း  တရုတ် ပြည်ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့်ရော၊ ဗမာပြည်ကွန်မြူနစ်ပါတီဘက်မှ တာဝန်ရှိသူများနှင့်ပါ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

၁၉၇၅ ခုနှစ်တွင် ကေအဲန်ယူပါတီဟာ ကြီးမားပြင်းထန်လွန်းသော ရန်သူ့ထိုးစစ်ကြီးများကို တစ်ခုပြီးတစ်ခု ရင်ဆိုင်ခဲ့ရပြီး ပဲခူးရိုးမတိုင်းကို စွန့်ခွာကာ ပါတီဝင်အားလုံးဟာ မန်းဘဇန်နှင့် ဗိုလ်ချုပ်စောဘိုမြတို့ ဦးဆောင်သော (KNU)ကရင်အမျိုးသားအစည်းအရုံးထဲတွင် ပေါင်းစည်းခဲ့ကြပြီး တာဝန်များ ပြန်လည်ခွဲဝေရာတွင် ပဒိုမန်းရှာမှာ ကေအဲန်ယူ၊ တပ်မဟာ (၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင် ခရိုင်တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။

၁၉၈၄ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF) သဘာပတိအဖွဲ့ဝင်ဖြစ်လာပြီး ၁၉၈၅ ခုနှစ် အရှေ့ မြောက်ဒေသစည်းရုံးရေးခရီးစဉ်တွင် အဖွဲ့၏ ဒုတိယစစ်ရေးခေါင်းဆောင်တစ်ဦးအဖြစ် အခြားလူမျိုးစုအဖွဲ့အစည်း ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ အတူ ပါဝင်ခဲ့ပါတယ်။

ပဒိုမန်းရှာဟာ ၁၉၈၅ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးမြရဲ့ ကိုယ်ရေးအရာရှိတာဝန်ကို ထမ်းဆောင် ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်ဖြစ်ပွားလာသောအခါ တော်လှန်ရေးနယ်မြေသို့ ရောက်ရှိ လာသော ကျောင်းသားလူငယ်များကို အင်တိုက်အားတိုက် ကူညီခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် ကေအဲန်ယူ (၁၀)ကြိမ်မြောက် ကွန်ဂရက်မှာ ဗဟိုကော်မတီဝင်၊ ၁၉၉၅ခုနှစ် (၁၁)ကြိမ် မြောက်ကွန်ဂရက်မှာ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)၊ သက္ကရာဇ် ၂၀၀၀ပြည့်နှစ် (၁၂)ကြိမ်မြောက်ကွန်ဂရက်မှာ အထွေထွေ အတွင်းရေးမှူးချုပ်၊ ၂၀၀၄ခုနှစ် (၁၃)ကြိမ်မြောက် ကွန်ဂရက်မှာ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ကွယ်လွန်သည်ထိ ထမ်းရွက်သွားပါတယ်။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ အတွင်း စစ်အစိုးရနှင့်ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှု (၄) ကြိမ်တွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ဒုတိယခေါင်းဆောင်အဖြစ်လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၉၂ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB) စတင်  ဖွဲ့စည်းရာတွင်လည်း မန်းရှာ ပါဝင် ခဲ့သလို ကွယ်လွန်ချိန်အထိ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)၏ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်အ ဖြစ် တာဝန်ယူသွားခဲ့ပါတယ်။

ကေအဲန်ယူဗဟိုမှ ထုတ်ဝေသော သနူးထူးဂျာနယ်နှင့် တော်လှန်ရေးနယ်မြေမှ ထုတ်ဝေသော စာစောင်စာ တမ်းများတွင် “ရေဆန်၊ တော်လှန်သောရဲဘော်တစ်ဦး၊ ဇိုယာဖန်း” စသော ကလောင်အမည်များဖြင့် ဆောင်းပါးများ၊ ကဗျာများ၊ တော်လှန်ရေး ခေါင်းဆောင်ရဲဘော်များ၏ အတ္ထုပ္ပတ္တိများကို အလျဉ်းသင့်သလို ပါဝင်ရေးသားခဲ့ပါတယ်။

သူ၏ “ကလောင်အမည်” တစ်ခုလည်းဖြစ်တဲ့၊ သူ့သမီးငယ်လေးကို ပေးထားတဲ့ “ဇိုယာဖန်း”ဟူသော နာမည် ကပင် ပဒိုမန်းရှာလားဖန်း၏ စိတ်ကူးစံတစ်ခုကို ထင်ဟပ်နေတယ် မဟုတ်ပါသလော။

ရန်သူရဲ့ သွေးခွဲသပ်လျှိုမှုကြောင့် မိမိတို့အမျိုးသားအချင်းချင်း၊ မိမိတို့ အဖွဲ့အစည်းအတွင်းအချင်းချင်း သွေးကွဲ မှုတွေဖြစ်လာကာ သွေးထွက်သံယိုဖြစ်မှုတွေ ဖြစ်ပွားတဲ့အထိ ပြင်းထန်လာတဲ့အခါ အမျိုးသားအကျိုးအတွက်၊ တော် လှန်ရေးအကျိုးအတွက် ကြီးမားလှတဲ့ အစားထိုးမရတဲ့ နစ်နာမှုဆုံးရှုံးမှုတွေကို တသီတတန်းကြီး ဖြစ်မြဲဖြစ်လာစေပြီး ရန်သူအတွက် အူမြူးစရာ၊ ကျေနပ်စရာ၊ အကျိုးရှိစရာတွေ ဖြစ်စေတယ်ဆိုတဲ့အချက်ကို အားလုံးက လေးလေးနက် နက်၊ စွဲစွဲမြဲမြဲ သင်ခန်းစာယူကြရမှာပါ။

ပဒိုမန်းရှာလားဖန်းဟာ အထက်မှာတင်ပြခဲ့သလို ရန်သူ့သွေးခွဲသပ်လျှိုမှုကြောင့် ဖြစ်ပွားလာရတဲ့ မိမိအမျိုး သားချင်း၊ အဖွဲ့အစည်းအတွင်း အချင်းချင်း သွေးကွဲမှု သွေးထွက်သံယိုဖြစ်မှု လှိုင်းဂယက်တွေအကြားမှာ နစ်မွန်းဆုံးရှုံး ခဲ့ရသူ ထိပ်တန်းခေါင်းဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။

ပြီးခဲ့သော ဇန်နဝါရီလ (၃၁)ရက်မှာ ကရင်တော်လှန်ရေးကလည်း (၇၅)နှစ်တိတိ ပြည့်ခဲ့ပါပြီ။

ဘုံရန်သူကို တိုက်ရင်း ကျဆုံးခဲ့ကြရတဲ့ သူရဲကောင်း အာဇာနည်များကို အလေးပြုပါတယ်။

လာမယ့် ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ဟာ ပဒိုမန်းရှာ ကျဆုံးတာ (၁၆)နှစ်ပြည့်မှာ ဖြစ်ပါတယ်။

*** ဒေါ်လေး နန့်ကျင်ရွှေနဲ့ ဦးလေး မန်းရှာကို ရိုသေစွာဦးညွှတ်လျက်

ကိုးကား -

(၁) ကရင့်တော်လှန်ရေးဒုတိယလမ်းစဉ်နိုင်ငံရေးဖြတ်သန်းမှု (လွတ်လပ်သောကရင့်သမိုင်းသုတေသနဌာန)

(၂) ဆရာဝန်တစ်ဦး၏တော်လှန်ရေးခရီး - ဒေါက်တာမြင့်ချို

(၃) အရှေ့တို့၏အရှေ့ - အေးဆောင်

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...