ပုဏ္ဏားကျွန်း ခမရ (၅၅၀) တွင် လက်နက်ချမည့် အုပ်စုနှင့် လက်နက်မချလိုသည့်အုပ်စု နှစ်ခုကွဲနေဟုဆို

ပုဏ္ဏားကျွန်း ခမရ (၅၅၀) တွင် လက်နက်ချမည့် အုပ်စုနှင့် လက်နက်မချလိုသည့်အုပ်စု နှစ်ခုကွဲနေဟုဆို

စစ်တွေမြို့ မြောက်ဘက် ၂၁ မိုင်ခန့် အကွာတွင်တည်ရှိသည့် စစ်ကောင်စီ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ  (၅၅၀) တပ်ရင်းတွင် ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချလိုသည့် နယ်မြေခံတပ်သားများအုပ်စုနှင့် လက်နက် မချလိုသည့် တပ်မ (၂၂) တပ်သားများအုပ်စု၊  နှစ်ခုကွဲနေသည်ဟု တပ်တွင်းနှင့် နီးစပ်သည့်  သတင်းရင်းမြစ်အရ သိရသည်။

ဒေသအတွင်းက သတင်းရင်းမြစ်တစ်ဦးက “ နယ်မြေခံတပ်တွေမှာ မိသားစုတွေများတယ်။ ပြီးရင် ဒေသခံအမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနေတဲ့ မိသားစုတွေလည်း ပိုများတယ်လေ။ တကယ်လို့ အေအေကတိုက်ရင် မိသားစုတွေ အကုန်ထိခိုက်နိုင်တယ်ဆိုတော့ သူတို့က လက်နက် ချချင်နေကြတယ်။ တပ်ထဲက မိသားစုတွေ ပြောပြသလောက် အဲသလိုမျိုး သိရပါတယ်” ဟု ပြောသည်။

သို့သော် တပ်မ (၂၂) က တပ်သား ၁၀၀ ခန့်က လက်နက်မချလိုကြဟု ၎င်းက ပြောသည်။

၎င်းတို့သည် ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့ ကားလမ်းပေါ် စစ်စခန်းများမှ စခန်းစွန့်ခွာလာကြသည့် တပ်မ (၂၂) လက်အောက်ခံ စစ်သားများဖြစ်ပြီး ခမရ (၅၅၀) တွင် ပူးပေါင်းထားခြင်း ဖြစ်သည်ဟု သိရသည်။

“ ပြီးတော့ တပ်ရင်း ၅၅၀ မှာက command နှစ်ခု ဖြစ်နေတယ်လို့ သိရပါတယ်။ ၅၅၀က အနောက်ပိုင်းတိုင်း လက်အောက်ခံ၊ နောက်တပ်ဖွဲ့ တစ်ခုက တပ်မ (၂၂) လက်အောက်ခံ ဖြစ်နေတယ်လို့ သိရတယ်။  ခုလို ဖြစ်နေတဲ့အတွက် တပ်တော်က တိုက်ရင် သိပ်ကြာကြာမခံနိုင်ဘူးလို့ လည်း ခန့်မှန်းထားကြပါတယ်” ဟု ပြောဆိုသည်။

လက်ရှိတွင် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)ကို ရက္ခိုင့်တပ်တော်က နေရာစုံပတ်ပတ်လည်က ဝိုင်းထားသော်လည်း ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မရှိသေးဟု သိရသည်။

ရက္ခိုင့်တပ်တော်သည် ပုဏ္ဏားကျွန်းမြို့ထက် အခြေစိုက် တပ်ရင်းများပြားသည့် ပလက်၀၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီ ဖြစ်သဖြင့် ပုဏ္ဏားကျွန်းမြို့ အခြေစိုက် (၅၅၀) အနေဖြင့်လည်း ရေရှည်တောင့်ခံနိုင်ရန် မလွယ်ကူဟု စစ်ရေးသုံးသပ်သူများက ပြောဆိုသည်။

နောက်ဆုံး ရရှိသော သတင်းအရ မြောက်ဦးမြို့တွင် တစ်ခုတည်းသာကျန်ရှိတော့သည် ရဲတပ်ရင်း အမှတ် (၃၁)ကိုလည်း ရက္ခိုင့်တပ်တော်က လက်နက်ချရန်နှင့် လက်နက်မချက ဝင်ရောက် တိုက်ခိုက်မည် ဖြစ်ကြောင်း ရာဇသံပေးထားသည်ဟု သိရသည်။

Most read this week

January 8, 2025
စစ်ရေးတင်းမာလာနေသည့် ကျောက်ဖြူတွင် မြို့ပေါ်နေသူ ပြည်သူ ထက်ဝက်ခန့်မှာ စစ်ရှောင်သွားကြပြီး...
January 7, 2025
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ကို စစ်ကောင်စီမှ ဝင်ခွင့်ပိတ်လိုက်၍ အမ်း -...
လက်ရှိ စစ်ဘေးရှောင်စခန်းများတွင် အရေပြားရောဂါဖြစ်ပွားနေသူများအား တွေ့ရစဥ်။
January 6, 2025
ရခိုင်ပြည်မှ နေရာအတော်များများတွင် သောက်သုံးရေ မသန့်ရှင်းမှု၊ နေရာထိုင်ခင်း အဆင်မပြေမှု၊ ဆေးဝါး...
January 3, 2025
စစ်တွေထောင်က ပုသိမ်ထောင်ကို ရွှေ့ပြောင်းခံရသူများနှင့် ထောင်ဝင်စွာတွေ့ရန်ခက်ခဲနေသလို...