ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာ ခက်ခဲလာမှုကြောင့် လက်ရှိ ခိုလှုံရာစစ်ရှောင်စခန်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လာရကြောင်း စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။
ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်ကောင်စီဘက်မှ စားနပ်ရိက္ခာ သယ်ဆောင်ရေး လမ်းကြောင်းများကို ကန့်သတ်လိုက်သောကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းလောက်မှ စတင်ပြီး ၎င်းဒေသရှိ စစ်ဘေးရှောင်များအနေဖြင့် စားဝတ်နေရေးခက်ခဲလာကာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ဆောင်လာရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။
၎င်းက “စခန်းမှာပဲတစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်တာတွေရှိပါတယ်။ အများစုကတော့ ဖရဲသီး စိုက်ကြတယ်။ ဧက(၂၀၀) ဝန်းကျင်လောက်တော့ရှိတယ်။ နောက်ပြီး တချို့ စစ်ရှောင်တွေကျတော့ သူတို့ရဲ့ အရင်ရွာမှာ ကျန်ခဲ့တဲ့လယ်တွေမှာ ပြန်စိုက်ပျိုးကြပါတယ်။ ညကျရင်တော့ စစ်ရှောင်စခန်းကို ပြန်အိပ်ပါတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ပြီးခဲ့သည့် နှစ်တွင်လည်း ဖရဲသီးကို အများစုစိုက်ပျိုးကြပြီး ဖရဲသီးအရွယ်အစားပေါ် မူတည်၍ အနိမ့် ဆုံးဈေး တစ်လုံး(၁,၀၀၀)ကျပ်နှင့် အမြင့်ဆုံးဈေး (၅,၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရရှိခဲ့ကာ ဖရဲသီးစိုက်ပျိုးသူ တောင်သူများအနေဖြင့် အမြတ်များရရှိသောကြောင့် ယခုနှစ်တွင်လည်း စိုက်ပျိုးသူ ပိုမို များပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ စိုက်ပျိုးရေးလုပ်ငန်းများအပြင် ငွေကြေးအရင်းအနှီးတတ်နိုင်သူများအနေဖြင့် အသေးစား မွေးမြူရေး လုပ်ငန်းများကိုပါ လုပ်ကိုင်နေကြပြီး ဈေးဆိုင်၊ကွမ်းယာဆိုင်နှင့် အသေးစား စားသောက်ဆိုင်များကိုပါ ဖွင့်လှစ် ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။
“မွေးမြူရေးကြတော့ ကြက်မွေးကြပါတယ်၊ တစ်နိုင်တစ်ပိုင်ပါပဲ။ ဝက်လည်း မွေးတဲ့သူ အနည်းငယ်ရှိပါတယ်။ တချို့ကျတော့ စစ်မရှောင်ခင်ကတည်းက အရင်းအနှီးရှိကြတော့ မုန့်ဆိုင်လေးတွေ၊ ကွမ်းယာ ဆိုင်လေးတွေ ဖွင့်ကြတာတို့ အခြားဆိုင်လေးတွေ ဖွင့်ကြတာတို့ လုပ်ကြပါတယ်။ နောက်ပိုင်း စားသောက်ဆိုင်တွေပေါလာတော့ ဆိုင်တွေမှာ စားဖိုမှူးတို့ အကူတို့ စားပွဲထိုးတို့ လုပ်ကြတာလည်းရှိပါတယ်။ တချို့ဆို ဘီယာဘူး လိုက်ကောက်ပြီး ပြန်ရောင်းတာ ဟင်းဖိုးရဖို့ ချဲလိုက်ရောင်းကြတာတွေ လည်းရှိကြပါတယ်။”ဟု ၎င်းစစ်ရှောင်ကူသူက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားတွင် တိုက်ပွဲများစွာ ဖြစ်ပေါ်လာ သောကြောင့် ဒေသခံပြည်သူများအနေဖြင့် နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရသည့် ကာလသည် သုံးနှစ်ဝန်းကျင်အထိ ရှိနေပြီး စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် ကာလကြာမြှင့် လာတာနှင့်အမျှ လိုအပ်ချက်များ ပိုမိုများပြားလာကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။
ထို့အပြင် စစ်ရှောင် ကူညီသည့်အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် နယ်စပ်ဖြတ်ကျော်သည့် နိုင်ငံတ ကာ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးအတွက် တောင်းဆိုမှုများ ရှိသော်လည်း နိုင်ငံ တကာအဖွဲ့ အစည်းများအနေဖြင့် စစ်ကောင်စီမှတဆင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးအပ်နေပြီး အမှန်တကယ်စစ်ရှောင်ရသူများအနေဖြင့် အကူအညီအနည်း အကျဉ်းသာရကြကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။