ဓနု တော်လှန်ရေးတပ်ဖွဲ့ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင် တိုက်ခိုက်

ဓနု တော်လှန်ရေးတပ်ဖွဲ့ ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင် တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF)မှ မဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင် တိုက်ခိုက်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

DPLF အနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ယနေ့အချိန်ထိ စဉ်ဆက် မပြတ် ပါဝင်ခဲ့ပြီး ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲ စသည့်မြို့နယ်များတွင် စစ်ကောင်စီတပ်၏ အခြေစိုက် စခန်းများကို ထိုးစစ်ဆင်နိုင်ခဲ့သည်ဟု ဆိုသည်။

DPLF ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က “ဒီစစ်ဆင်ရေးကတော့ အားလုံးသိတဲ့ အတိုင်းပဲ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ အနေအထားမှာ ဖြစ်သွားတယ်။ ကျနော်တို့ အနေနဲ့တော့ ထွေထွေထူးထူး မစဉ်းစားတော့ဘူး ပေါ့။ ဘာလို့လဲဆိုရင် မြောက်ပိုင်းမဟာမိတ် ညီနောင်တွေနဲ့အတူ အခုလိုမျိုး ပါဝင်ခွင့်ရတာကိုပဲ အတွေ့အကြုံ အများကြီး ရတယ်။ ကျန်တဲ့ အဖွဲ့တွေလည်း အများကြီးပဲ။ သူတို့ ပူးပေါင်းပြီးတော့ ပါဝင်ချင်ကြမှာပဲလေ။ ကျနော်တို့ကျတော့ မြေပြင်မှာ တစ်သားတည်း ပါဝင်နေရတာပေါ့နော်။ အဲဒီအတွက်ကိုတော့ ကျနော်တို့ အများကြီး စဉ်းစားစရာ မလိုဘူးပေါ့” ဟု ပြောသည်။

DPLF အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသများတွင် စစ်မျက်နှာ ဖွင့်ထားသည့်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း အထိုင်တပ်ရင်း တစ်ခုရှိသောကြောင့် အထူးတလည် ညှိနှိုင်းရန် မလိုပဲ ပူးပေါင်း ပါဝင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲများထဲ DPLF ဘက်မှ အကျအဆုံး စာရင်းမရှိသေးသလို ထိခိုက်ဒဏ်ရာ ရသူများလည်း မရှိ သေးဘူးဟု ဆိုသည်။

“ကျနော်တို့ ဓနုဒေသမှာလည်း ပြောက်ကျား လုပ်တာတွေ၊ မိုင်းဆွဲတာတွေ ရှိတယ်။ ပြီးရင် ဒီမြောက်ပိုင်း မဟာ မိတ်နဲ့လည်း စစ်ဆင်ရေးမှာ ပါဝင်နေတယ်ဆိုတာ အားလုံးလည်း သိနေကြပြီ ဆိုတော့ ပြည်သူတွေ အနေနဲ့ လည်း ကျနော်တို့ ဓနုပြည်နယ် ဖော်ဆောင်တဲ့ နေရာမှာ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့လည်း ပြောချင် တယ်။ အဲ့လောက်ပဲပေါ့” ဟု ကိုထွန်းထွန်းနိုင်က ဆက်ပြောသည်။

၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်များကို တိုက်ခိုက်သည့် စစ်ဆင်ရေး ဖြစ်ပြီး တော်လှန်ရေး အင်အားစုများဘက်မှ ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊  မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) တို့၏ ဦးဆောင်မှုနှင့်အတူ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာခဲ့သော ဒေသတွင်း ကာကွယ်ရေးတပ်များလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေကြသည်။

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးအား ထောက်ခံကြိုဆိုသည့် အနေဖြင့် ကရင်နီပြည်တွင်လည်း နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ပြီး ၁၁.၁၁ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး နှင့် အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တစ်ပြိုက်နက်တည်း ပါဝင် အကောင်အထည် ဖော်ရမည့်အချိန်ဖြစ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံဖို့လိုအပ်သည်ဟု ပြောဆိုထားတိုက်တွန်းထားသည်။

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...
October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...