နိုင်ငံဘဏ္ဍာငွေတွေကို မချပြဘဲ စစ်ကောင်စီထိန်ချန်သုံးစွဲနေ

နိုင်ငံဘဏ္ဍာငွေတွေကို မချပြဘဲ စစ်ကောင်စီထိန်ချန်သုံးစွဲနေ
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

နိုင်ငံအာဏာအရပ်ရပ်ကို လက်နက်အားကိုးပြီး မတရားအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီဟာ ပြည်သူပိုင် ဘဏ္ဍာငွေတွေကို ပွင့်လင်းမြင်သာစွာချပြခြင်းမရှိဘဲ ထိန်ချန်သုံးစွဲမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီ ဟာ ပြည်ထောင်စုရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်တွေကို ထိန်းကျောင်းပေးမယ့် လွှတ်တော် မရှိတဲ့ အတွက် စိတ်ကြိုက်ခြယ်လှယ်သုံးစွဲနေတာပါ။

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း ဘဏ္ဍာရေးနှစ် ၃ နှစ်ကို ကိုင်တွယ်ခဲ့ရတဲ့ စစ်ကောင်စီဟာ ပြည်ထောင် စု ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုအပါအဝင် တိုင်းနဲ့ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်ကို အသေး စိတ်ထုတ်ပြန်တာ မရှိတော့ပါဘူး။

သံလွင်တိုင်းမ်ရဲ့ လေ့လာစိစစ်မှုတွေအရ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်ကစပြီး စစ်ကောင်စီဟာ ဝန်ကြီးဌာန အလိုက် ဘတ်ဂျက်ခွဲဝေသုံးစွဲမှု အသေးစိတ်အချက်အလက်ကို မဖော်ပြတော့ဘဲ ထိန်ချန်သုံးစွဲလာတာ ဖြစ်ပါ တယ်။

စီးပွားရေးပညာရှင်တစ်ဦးက “အဓိကတော့ အစိုးရရဲ့ ဘတ်ဂျက်လိုငွေဖြစ်နေတာ။ ဆိုတော့ သူတို့ကိုပြန်ပြီးတော့ ထောက်ပြမယ်ဆိုတဲ့ အတွက် အဲဒီဘတ်ဂျက်ကိုမြှုပ်ထားတဲ့ သဘောရှိတယ်။ နောက်ဒုတိယအချက်က ဘယ် ကဏ္ဍတွေမှာ သုံးတယ်ဆိုတဲ့ဟာကို သေချာချပြရမှာပေါ့။ ဥပမာပညာရေးအတွက် ဘယ်လောက်သုံးတယ်၊ ကျန်းမာရေးအတွက် ဘယ်လောက်သုံးတယ်။ ကာကွယ်ရေးအတွက် ဘယ်လောက်သုံးတယ်။ တကယ်လို့သာ ပညာရေး၊ ကျန်းမာရေးအတွက် နည်းနေတယ်ဆိုရင် သူတို့ကိုထောက်ပြတော့မှာ။ အဲဒီဟာတွေကိုရှောင်ဖို့ အတွက် တဖြည်းဖြည်းနဲ့ ဘတ်ဂျက်ပွင့်လင်းမြင်သာမှုကို လျော့ချတယ်လို့တော့ မြင်တာပဲ” လို့ ပြောပါတယ်။

ဘတ်ဂျက်ငွေတွေ မချပြတာဟာ တိုင်းပြည်ရဲ့လိုငွေနဲ့ တခြား အသုံးစရိတ်တွေ ထောက်ပြလို့မရအောင် လုပ်ဆောင်နေတာဖြစ်ပြီး အခုအခြေအနေကြောင့် နိုင်ငံဘဏ္ဍာငွေလေလွင့်မှု ပိုများလာနိုင်တယ်လို့ အထက်ပါ စီးပွားရေး ပညာရှင်က သုံးသပ်ပါတယ်။

“အရင်တုန်းက ဘတ်ဂျက်ဆွဲတာတို့၊ ဘတ်ဂျက်သုံးတာတို့ကို ဒီအမှုဆောင်အဖွဲ့လို့ခေါ်တဲ့ အစိုးရကလုပ်တယ်။ အဲဒီဟာတွေကို ပြန်ပြီးတော့ ထောက်တာတို့၊ မျှတမှုရှိမရှိ စစ် ဆေးတာတို့ကို လွှတ်တော်ကလုပ်တယ်။ အခုဟာ ကအဲဒီလိုမျိုး ထိန်းပေးမယ့်ကိစ္စက မရှိတော့ဘူးဆိုတော့ နိုင်ငံဘဏ္ဍာလေလွင့်မှုတွေ အများကြီးဖြစ်နိုင်တာပေါ့” လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ပြည်သူ့ဘဏ္ဍာငွေတွေကနေ ကာကွယ်ရေးအ သုံးစရိတ်တွေ အများဆုံးအသုံးပြုနေတာကြောင့် လက်ရှိအသုံးပြုနေတဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို တော်လှန်ရေး အင် အားစုတွေ မခန့်မှန်းနိုင်အောင် မချပြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

NLD အစိုးရလက်ထက်မှာတော့ ပြည်ထောင်စုအပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးရဲ့ ရငွေနဲ့ သုံးငွေတွေကို နှစ်စဉ် Citizen Budget စာစောင်ထုတ်ပြန်ပြီး ဝန်ကြီးဌာနအလိုက် ဖော်ဆောင်သွားမယ့် လုပ်ငန်းတွေအတွက် ချပြရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီက ဘတ်ဂျက်ငွေတွေကို မချပြတာဟာ ခိုးချင်သလို ခိုးလို့ရအောင် လုပ်ဆောင်တာဖြစ်ပြီး ပြည်သူ့ အစိုးရ မဟုတ်တဲ့အတွက် သူတို့စိတ်တိုင်းကျ လုပ်ဆောင်မယ့် သဘောဖြစ်တယ်လို့ NLD အစိုးရလက်ထက်က မွန်ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအောင်ကျော်သူက ဝေဖန်ပါတယ်။

“သူတို့ အခုလိုမျိုး ဘတ်ဂျက်မချပြဘူးဆိုတာ သူတို့ခိုးချင်သလို ခိုးလို့ရအောင်ပေါ့လေ။ ဘတ်ဂျက်ပွင့်လင်း မြင် သာမှုဆိုပြီး ရှိတယ်။ နောက်ပြီးတော့ နိုင်ငံသားများဘတ်ဂျက်ဆိုပြီး ရှိတယ်ဗျာ။ နိုင်ငံသားဘတ်ဂျက်ကကျတော့ နိုင်ငံတော်ကနေရတဲ့ အခွန်ငွေတွေကို ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဘယ်လိုလုပ်လဲဆိုတဲ့ဟာ ကို ပြည်သူတွေကို ချပြရမှာက အစိုးရတစ် ရပ်ရဲ့ တာဝန်ပေါ့။ ဒီဟာသည် နံပါတ်တစ်က သူတို့ကိုယ်သူတို့ အစိုး ရလို့ မခံယူထားတဲ့အတွက် ဒီဟာကိုမချပြဘဲ အာဏာရှင်ဖြစ်တဲ့အတွက် ပြည်သူ့အစိုးရမဟုတ်တဲ့အတွက် သဘောရှိသလို သူတို့လုပ်မယ်၊ သူတို့စိတ်တိုင်းကျ သူတို့ဆောင်ရွက်မယ်ဆိုတဲ့ သဘောကို ဆောင်တာပေါ့ဗျာ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူတွေဆီက အခွန်တွေကို မရရတဲ့နည်းနဲ့ လိုက်လံကောက်ခံတာတွေရှိနေပြီး အခုလိုကောက်ခံတာဟာ စစ်အသုံးစရိတ်အတွက် ပြည်သူတွေကို ပြည်သူ့ဘဏ္ဍာနဲ့ ပြန်သတ်မယ့်ပုံစံမျိုး ဖြစ်နေ တာကြောင့် အတတ်နိုင်ဆုံး အခွန်မပေးဖို့လိုတယ်လို့ ဦးအောင်ကျော်သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာတော့ ပြည်သူဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုတွေကို လွှတ်တော်ကနေ စိစစ် အတည်ပြု ပေးပြီး အဲဒီနောက် ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဆောင်ရာမှာလည်း ဘဏ္ဍာငွေတွေလေလွင့်မှုမရှိအောင် လွှတ်တော် အပါအဝင် စာရင်းစစ်ဦးစီးဌာနက ပြန်လည်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တာပါ။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...