စစ်ကောင်စီတပ်မှာ အခုလအတွင်း တပ်ပြေးပိုများလာ

စစ်ကောင်စီတပ်မှာ အခုလအတွင်း တပ်ပြေးပိုများလာ
ဓာတ်ပုံ-KNU
ဓာတ်ပုံ-KNU

တပ်အင်အား ပြုန်းတီးမှုနဲ့အတူ စိတ်ဓာတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်ကောင်စီတပ်မှာ အခုစက်တင်ဘာလ အတွင်း တပ်ပြေးတွေပိုများလာတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေအတွင်း ထွက်ပြေးတာ၊ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေထံ လက် နက်ချ အလင်းဝင်တာ၊ အကြောင်းအမျိုးမျိုးပြပြီး တပ်တွင်းကနေ ထွက်ပြေးတာတွေပါ ရှိလာခဲ့ပါတယ်။

သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်အရာရှိပိုင်းတွေရဲ့ ဖိနှိပ်မှု၊ တပ်တွင်း စည်းကမ်းချက်တွေ ပိုမိုတင်းကျပ်လာတာ၊ မိသားစုစားဝတ်နေရေး ခက်ခဲတာ၊ ဆက်လက် လုပ်ကိုင် လိုစိတ် မရှိတော့အတွက် ထွက်ပြေးတာ ပိုများလာတာလို့ ဆိုပါတယ်။

အခုလအတွင်း ထွက်ပြေးလာတဲ့ တပ်ပြေးအရေအတွက် အတိအကျမသိရပေမယ့် စစ်ကောင်စီတပ်နဲ့ နီးစပ်သူ တွေ အဆိုအရ တပ်တစ်တပ်မှာ အနည်ဆုံးတစ်ဦးထက်မနည်း ထွက်ပြေးတာရှိပြီး လုံခြုံရေး တာဝန်ထမ်းဆောင် ရင်း အဆက်အသွယ် လုံးဝပြတ်တောက်သွားတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

ဝါရင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီး ကတော့ KNU ထံ ထွက်ပြေးလာကာ လက်နက်ချအလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ မပြတ်တမ်းရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စကစဘက်က စစ်သားတွေ ထွက်ပြေးလာတာတွေရော၊ အလင်းဝင်တာတွေရော၊ လက်နက်လာချတာတွေရော မျိုးစုံပဲလေ။ အဲဒါတွေက ဦးရေတွေကတော့ မပြတ်တမ်းရှိနေတယ်လို့တော့ ပြောလို့ရတယ်။ ဒါပေမဲ့လို့ ကျွန် တော်တို့ နားလည်ရမှာက အဲဒီလိုလက်နက်ချပြီးတော့ ပြေးဝင်လာတဲ့ လူတွေရှိသလို လက်နက်ပါတာပဲ ဖြစ်ဖြစ်၊ မပါတာပဲဖြစ်ဖြစ် တချို့တွေက မထွက်ပြေးပဲနဲ့ အထဲမှာရှိနေတာ။ အာဏာဖီဆန်ပြီးတော့ တော်လှန်ရေးကို တစ်နည်းတစ်လမ်းနဲ့ အကျိုးပြုနေတဲ့ စစ်သားတွေလည်းရှိတယ်ဆိုတာ ကျွန်တော်တို့နားလည်ရတယ်။ ဘယ်လို ပဲဖြစ်ဖြစ် အဓိကကျွန်တော်တို့ ပြည်သူဘက်ရပ်တည်ဖို့ပဲလိုပါတယ်။ ပြည်သူဘက်ရပ်တည်မယ်ဆိုရင်တော့ ဘယ်နေရာမှာနေနေ တော်လှန်ရေးကို အထောက်အကူပြုတယ်ဆိုတာ ကျွန်တော်တို့ကိုလည်း သတင်းပေးချင် တယ်။”

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၆) တစ်ခုတည်းကိုပဲ အခု စက်တင်ဘာ ၄ ရက်၊ ၆ ရက်နဲ့ ၈ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဒိုစောတောနီးက “အဲဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ်ပေ့ါနော်၊ အထူးသဖြင့် နည်းလမ်းပေါင်းစုံနဲ့ စစ်အာဏာရှင် စနစ်ကိုတိုက် ဖျက်တဲ့နေရာမှာ အထူးသ ဖြင့် စကစတပ်သားတွေကလည်း လက်နက်နဲ့တကွ ကျွန်တော်တို့ဆီ လာပြီးတော့ ပူးပေါင်းမယ်ဆိုတော့ ဒါကတော့ အကောင်းဆုံးဖြစ်တယ် ဆိုပေမယ့်လို့ ဒါက နည်းလမ်းတစ်ခုထဲ လည်း မဟုတ်ဘူး။ အခြားနည်းလမ်းတွေနဲ့ လုပ်နိုင်ပါတယ်ဆိုတာ အများကြီးရှိပါတယ်နော်။ ကျွန်တော်တို့ လုပ်နိုင်တဲ့ အနေအထားတွေကလည်း ကျွန်တော်တို့ဆက်ပြီးတော့အားပေးသွားမှာပါ" လို့ ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ လာရောက်ပူးပေါင်းလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးတို့ဟာ အသက်အရွယ်အားဖြင့် ၂၀ နှစ်နဲ့ ၃၃ နှစ်ကြား အရွယ်ရှိသူတွေဖြစ်ကြပြီး စစ်ကောင်စီတပ်ရဲ့ မတရား ဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တဲ့အတွက် ပြည်သူ့ရင်ခွင်ခိုလှုံကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေနဲ့အတူ ပူးပေါင်းပါဝင် ကူညီသွားမယ်လို့ ထုတ်ပြန်ထား ပါတယ်။

KNU ကလည်း စစ်ကောင်စီလက်အောက်ခံတပ်က ဘယ်စစ်သားတွေမဆို တပ်ကိုစွန့်ခွာကာ KNU နဲ့ ပြည်သူလူ ထုထံကို လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို နွေးထွေးစွာကြိုဆိုလျက်ရှိပြီး ရှေ့ဆက်ဘဝရပ်တည်နိုင်ရေးအတွက်လည်း ကူညီထောက်ပံပေးသွားမယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် ပြည်သူ့ရင်ခွင်လာရောက် ခိုလှုံထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ စက်တင် ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...