စစ်တပ်ကဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး ၃ နှစ်ကျော်ကြာ ပျောက်ဆုံးနေမှု ဖော်ထုတ်ပေးရန် မိသားစုများ ထပ်မံတောင်းဆို

စစ်တပ်ကဖမ်းသွားသည့် တင်းမရွာသား ၁၈ ဦး ၃ နှစ်ကျော်ကြာ ပျောက်ဆုံးနေမှု ဖော်ထုတ်ပေးရန် မိသားစုများ ထပ်မံတောင်းဆို
ပျောက်ဆုံးနေသည့်တင်းမရွာသားအချို့
ပျောက်ဆုံးနေသည့်တင်းမရွာသားအချို့

ရခိုင်ပြည်နယ်တွင်ပြီးခဲ့သည့် ၂၀၂၀ တိုက်ပွဲကာလအတွင်းက စစ်တပ်က ဖမ်းဆီးသွားသည့် ကျောက်တော်မြို့ နယ်၊ တင်းမကျေးရွာမှ ရွာသား ၁၈ ဦး ၃ နှစ်ကျော်ကြာ ပျောက်ဆုံးနေမှုကို စစ်ကောင်စီလက်ထက်တွင် တာဝန် ယူ စုံစမ်းဖော်ထုတ်ပေးရန် မိသားစုများကထပ်မံ တောင်းဆိုလိုက်ကြသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသား ၁၈ ဦးကို ယခင် NLD အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နှင့် ၁၆ ရက်တို့တွင် စစ်တပ်က ရွာတွင်းသို့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ သတင်း မရဘဲ ပျောက်ဆုံးနေသည်ဟု တင်းမသစ်ကျေးရွာမှ ပျောက်ဆုံးနေသည့် ဦးမောင်သန်းစိုး၏ ဖခင်ဖြစ်သူက  ပြောသည်။

“တစ်ခါမှ ပေါ်မလာ၊ ကြာလည်းကြာပြီဆိုတော့ ရှိမယ်လို့မထင်တော့ပါဘူး။ သတ်ပစ်လိုက်ပြီ ထင်ပါတယ်။ ဖမ်း သွားတဲ့ ၁၈ ယောက် တစ်ယောက်မှ ပြန်မလာတော့ဘူး။ သားနဲ့သားမက် နှစ်ယောက်ပါသွားတာ။ အဲ့တုန်းက စစ်သားတွေ ဖမ်းသွားတာကို ဦးလေးစာအုပ်မှာ အခုထိမှတ်ထားတာရှိတယ်။ အဲ့ဒါကို ဇော်မင်းထွန်းက ငြင်းထား တယ်” ဟု ပြောသည်။

အဖြေမှန်တစ်ခုသိရအောင် စစ်ကောင်စီအနေဖြင့် တာဝန်ယူ စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆိုချင်သည်ဟု လည်း ဆိုသည်။

စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ယခုထိ ပျောက်ဆုံးနေသူများတွင် တင်းမကြီးကျေးရွာမှ ရွာသား ၁ဝ ဦးနှင့် တင်းမသစ်ကျေးရွာမှ ရွာသား ၈ ဦး ဖြစ်ကြသည်။

တင်းမကြီးကျေးရွာမှ ဖမ်းဆီးခံရသူများမှာ ဦးအောင်ညွန့် အသက် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် အသက် (၆၄) နှစ်၊ ဦးယာဉ်မောင် အသက် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း အသက် (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး အသက် (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ အသက် (၃၇) နှစ်၊ ဦးမောင်ကြည်လင်း  အသက် (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် (၅ဝ ကျော်)၊ မောင်ထွန်းထွန်းဝေ အသက် (၁၅) နှစ်နှင့် မောင်နေလင်းဦး အသက် (၂၈) နှစ်တို့ ဖြစ်ကြ ကြောင်း မိသားစုများက ပြောသည်။

တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်း စိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြသည်။

တင်းမကြီးကျေးရွာသား ၁ဝ ဦးကို ၂၀၂၀ ခုနှစ်  မတ်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး တင်းမသစ် ရွာသား ၈ ဦးကို မတ်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟုလည်း ရွာသားများက ပြော သည်။

အဆိုပါ ကျေးရွာသားများ ပျောက်ဆုံးနေမှုနှင့် ပက်သက်ပြီး စစ်ကောင်စီက ယခုအချိန်ထိ တာဝန်ယူမှု၊ တာဝန်ခံ မှု မရှိကြောင်းလည်း တင်းမ ကျောင်းထိုင် ဆရာတော်ဦးဝါယာမိန္ဒက နိရဉ္စရာကို မိန့်သည်။

“ပျောက်ဆုံးနေတဲ့ တင်းမကျေးရွာသားတွေနဲ့ ပက်သက်ပြီး အခုချိန်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသေးဘူး။ ဖမ်းထားတာလည်း မှန်တယ်။ မိသားစု‌တွေသာမက ရွာသူရွာသားတွေလည်း စိတ်မှာ မဖော်ပြတတ် လောက် အောင် ဝမ်းနည်းမှုဖြစ်တယ်” ဟု မိန့်သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး မိသားစုဝင်များက ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ကျောက်တော်မြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြသော်လည်း ယခုအချိန်ထိ အရေးယူဖော်ထုတ်ပေးခြင်းမရှိခဲ့ဟု မိသားစုဝင်များက ပြောသည်။

ဒီဇင်ဘာလထဲတွင်ပင် မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကို ခေါ်ယူမေးမြန်းခဲ့ပြီး အကောင်းဆုံးလုပ်ပေးမည်ဟု ကတိပြုပြောဆိုခဲ့သော်လည်း လက်တွေ့တွင် တစ်ခုမျှ ဖြစ်မလာခဲ့ဟု ဆိုကြသည်။

ဆက်လက်ပြီး ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ရခိုင်လူ့အခွင့်အရေး ကာ ကွယ်ရေးမြင့်တင်သူများ အဖွဲ့ထံသို့ အကူညီတောင်းခံပြီး ယင်းအဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်သို့ စာတင် တောင်းဆိုခဲ့သေးသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က အဆိုပါတင်းမရွာသားများကို စစ်တပ်က ဖမ်းဆီးခြင်းများ မရှိခဲ့သလို သတ်ဖြတ်ခဲ့ခြင်းလည်းမရှိခဲ့ဟု စာပြန်ခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်ရေးမြင့်တင်သူများ အဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“တင်းမပြဿနာဖြစ်ပြီးတာနဲ့ တင်းမက မိသားစုတွေက စစ်တွေကိုလာပြီး ထွက်ချက်လာပေးတယ်။ သူတို့ကို စစ်ဆေးချက်ယူပြီး သူတို့ရဲ့ မှတ်ပုံတင်မိတ္တူနဲ့တကွ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်ကို တင်တယ်။ တင်ပေး လိုက်တော့ လူ့အခွင့်ရေးကော်မရှင်က သူတို့စစ်ဆေးချက်အရ ဒီတင်းမ ၁၈ ယောက်ကို မြန်မာ့တပ်မတော်က ဖမ်းဆီးခြင်းလည်း မရှိ၊ သတ်ဖြတ်ခြင်းလည်း မရှိခဲ့ဘူးလို့ တုံ့ပြန်ခဲ့တယ်” ဟုပြောသည်။

တင်းမကျေးရွာသား ၁၈ ဦးကို တာဝန်ယူမှုမရှိဘဲ အစအန ဖျောက်ခြင်းသည် အလွန်တရာ ကြီးကျယ်သည့် လူ့အခွင့်ရေးချိုးဖောက်မှုကြီးပင် ဖြစ်ကြောင်း ဦးမြတ်ထွန်းက ဆိုသည်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ယင်းနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတစ်ခု၌ ပျောက်ဆုံးနေသည့်တင်းမရွာသားအမှုနှင့်ပတ်သက်ပြီး သတင်းမီဒီယာများက မေးမြန်းရာ တွင် တင်းမရွာသားများကို စစ်တပ်က ဖမ်းဆီးခြင်းမရှိဟု မပြောလိုဟု ဖြေကြားခဲ့သည်။

“တပ်အနေနဲ့ ဖမ်းတာ ဆီးတာမျိုး မရှိဘူးလို့လည်း ကျနော်မပြောဘူး။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျနော်တို့ သိကို မသိရှိသေးတာ။ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်ကြားရမယ့် လမ်းကြောင်းတွေ ရှိတယ်။ ပြောနိုင်တဲ့ လမ်း ကြောင်းတွေ ရှိတယ်။ အဲဒီ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တိုင်းတန်းနိုင်တဲ့နေရာတွေ၊ ပြောနိုင်တဲ့နေရာတွေ ကို လွတ်လပ်စွာ တိုင်ကြားနိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့်ရှိတယ်” ဟု ဖြေကြားခဲ့သည်။

သို့သော် အမှုမှန်ပေါ်ပေါက်ရန် သက်ဆိုင်ရာဌာနအသီးသီးသို့ တိုင်ကြားတောင်းဆိုသော်လည်း လက်ရှိအချိန်ထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းတို့ ၁၈ ဦး စလုံးမှာ ယနေ့ အချိန်ထိ ပျောက်ဆုံးနေပြီး ရဲစခန်းအချုပ်ထဲသို့လည်း ရောက်ရှိခြင်းမရှိသလို စစ်တပ်ထဲတွင် ထိန်းသိမ်း၍ ရှိ /မရှိကိုလည်း မိသားစုများက မသိရှိဘဲ ဖြစ်နေကြရသည်။

တင်းမကျေးရွာအနီးတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ကျေးရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးခဲ့ရပြီး ကျေးရွာအတွင်းရှိ လူနေအိမ် ၁၀၀ ကျော်သည်လည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

ရွာသားများသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...