ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုးတပ်စခန်းကို KNU တပ်မဟာ ၅ သိမ်းပိုက်

ခေးပူကျေးရွာအုပ်စုရှိ ဆာ့လော်ကျိုးတပ်စခန်းကို KNU တပ်မဟာ ၅ သိမ်းပိုက်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ၊ လူသောမြို့နယ် ခေးပူကျေးရွာ အုပ်စုရှိ ဆာ့လော်ကျိုး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်က တက်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း မူတြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

တပ်အင်အား ၅၀ ကျော်ထိုင်ထားသည် အဆိုပါ စစ်ကောင်စီတပ်စခန်းသည် ဒေသခံပြည်သူလူထု နေထိုင်သည့် နေရာနှင့် နီးသည့်စခန်းတစ်ခု ဖြစ်သလို သွားလာနေကြသော ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် ပြည်သူ လူထုကို စစ်ဆေးမေးမြန်းခြင်းနှင့် ကျေးရွာအတွင်း ခြိမ်းခြောက်ပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိသည့် စခန်း တစ်ခု ဖြစ်သည်ဟု KNU မူတြော်ခရိုင်၊ တပ်မဟာ ၅ က ပြောသည်။

KNU တပ်မဟာ၅ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က “ပထမမှာ သူတို့စခန်းကို တက်ရောက် ပစ် ခတ်တာပေါ့။ အဲဒီမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများတဲ့အတွက် အပြင်ဘက်ကို ထွက်ပြေးတော့ ဒီဘက် က သွားပြန်ဝိုင်းပြီး သိမ်းလိုက်တာပေါ့။ အဲဒါတိုက်ခိုက်ပြီးတော့ မနေ့က အဲဒီစခန်းအနီးဝန်းကျင်ရွာမှာ လေယာဉ် နဲ့ လာပစ်သေးတယ်။ လူထုထိခိုက်တာရှိတယ်၊ သေးစိတ်တော့ မရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်က စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆာ့လော်ကျိုး စစ်ကောင်စီ တပ်စခန်းသည် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က လာရောက် တည်ဆောက်ထားသည့် စစ်စခန်းတစ်ခု ဖြစ်ပြီး အဆိုပါ စစ်စခန်းကို တက်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများရှိခဲ့သည်။

ထို့အပြင် လက်နက်ကြီး လက်နက်ငယ်နှင့် ကျည်ဆံများလည်း သိမ်းဆည်းထားကြောင်း၊ KNLA ပူးပေါင်းတပ် ဘက်မှ ထိခိုက်မှုမရှိကြောင်း မူတြော်ခရိုင်ဘက်က ပြောသည်။

ထိုစခန်းကို သိမ်းပိုက်ပြီးနောက် စက်တင်ဘာလ ၇ ရက်နေ့တွင် လူသောမြို့နယ် ကော်လို့ဘောထကျေးရွာ၊ သေ့သူခီးကျေးရွာနှင့် ဒေးပူနို့ကျေးရွာအုပ်စုများတွင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ် နှစ်စင်းက လာရောက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

အလားတူ စက်တင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်တွင်လည်း မူတြော် (ဖာပွန်) ခရိုင်၊ ကမမောင်း မြို့နယ်ခွဲ ထွေ အုပ်ရုံး အစည်းအဝေး ခန်းမတွင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်း ဖြင့် ဗုံးကြဲချခံရ၍ ရပ်ကွက် (၄) အုပ်ချုပ်ရေးမှူး ဦးစိုးမင်း ဆိုသူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဖာပွန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က‌ သတင်းထုတ်ပြန်ခဲ့သည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...