နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို AA က စစ်ရေးအကူအညီများ ဆက်တိုက်ပေးနေ

နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို AA က စစ်ရေးအကူအညီများ ဆက်တိုက်ပေးနေ
ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောင်းသားလက်ရုံးတပ်တော်မှ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ အခမ်းအနား။ / ဓာတ်ပုံ - Student Armed Force
ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောင်းသားလက်ရုံးတပ်တော်မှ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ အခမ်းအနား။ / ဓာတ်ပုံ - Student Armed Force

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ရက္ခိုင့်တပ်တော်(AA)က စနိုက်ပါသင်တန်း၊ အထူးတိုက်ခိုက်ရေးသင်တန်းများ ဆက်တိုက်ပေးနေသည်။

ရက္ခိုင့်တပ်တော် (ULA/AA)က အထူးတိုက်ခိုက်ရေး သင်တန်း ပို့ချပေးနေသော ကျောင်းသား လက်ရုံးတပ်တော် (Student Armed Force)မှ တပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး AA အရာရှိ များက တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော်က ထုတ်ပြန်သည်။

ကျောင်းသား လက်ရုံးတပ်တော်ကို စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန် အခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ (တကသများ-ရန်ကုန်)မှ ဦးဆောင်သူ ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေ၌ အခြေခံစစ်ပညာသင်ယူကာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် အခြား နေရာများတွင် စစ်ကောင်စီကို ပြင်းပြန်းထန်ထန် တော်လှန်တိုက်ခိုက်လျက် ရှိသည်။

ထို့အတူ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ကိုလည်း AA က စနိုက်ပါသင်တန်းများ သင်ကြားပေးလျက်ရှိပြီး ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၄ ရက် နေ့က ပြုလုပ်ခဲ့ကြသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ဗမာပြည်က ဖယ်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းမှုဟာ သမိုင်းမှာ ဒါဟာ ပထမဆုံး အကြိမ်ဖြစ်တယ်။ ကြိုဆိုအပ်တဲ့ ကိစ္စဖြစ်တယ်။ ရခိုင်တပ်တော်က လည်း ဗမာရဲဘော်တွေ အပါအဝင် တခြား တိုင်းရင်းသားတွေကို လေ့ကျင့်ပေးတယ်။ အလားတူ ချင်းကလည်းပဲ ဒီလိုပဲ လေ့ကျင့်ပေးနေတာရှိတယ်။ ဒါတွေ ဟာ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်မယ့် အင်အားစုအားလုံး ကို ပေါင်းစည်းပေးပြီး လေ့ကျင့်ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NUG၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များကို ပံ့ပိုးနေသော လက်နက်ကိုင် အဖွဲ့များအား ပြတ်သားစွာ အရေးယူသွားမည်ဟု ပြောဆိုထားသည်။

သို့သော် AA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက နွေဦးတော်လှန်ရေး တပ်ဖွဲ့များကို စစ်ရေး အကူ အညီများ ပေးနေကြဆဲဖြစ်သည်။

AA ပါဝင်သော ညီနောင်သုံးဖွဲ့က ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)ကို လက်နက်ခဲယမ်းများနှင့် စစ်ရေးအကူအညီများ ပေးထားကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့် မိန့် ခွန်းတွင် ထည့်သွင်းဖော်ပြထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat ကိုလည်း ရက္ခိုင့်တပ်တော် (AA) က အိမ်နီးချင်းကောင်း မိတ် ဖက်အဖွဲ့အဖြစ် စစ်ပညာ၊ လက်နက်ခဲယမ်းများ ဆက်လက်ကူညီပေးသွားမည်ဟု ဧပြီလ ၂၄ ရက်နေ့က ပြောခဲ့ သည်။

အလားတူ ချင်းပြည်နယ်မှ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့(MDF)၊ ပြည်မဒေသမှ လူထုတော်လှန်ရေးမဟာမိတ် (PRA-Magway)၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA)တိုကိုလည်း လက်နက်နှင့် စစ်ရေးဆိုင်ရာ များ ကူညီထောက်ပံ့ပေးထားသည်။

တော်လှန်ရေးတပ်ဖွဲ့များကို AA က ကူညီပေးနေခြင်းမှာ မဟာမိတ်ဆက်ဆံရေးအရ ဖြစ်နိုင်ကြောင်း ဝါရင့်နိုင်ငံ ရေး သမား ဦးဖေသန်းက ရှု့မြင်သည်။

“ULA/AA အနေနဲ့ သင်တန်းတွေပေးတယ် ဆိုတာကတော့ မဟာမိတ်ဆက်ဆံရေးအနေနဲ့ ပေးတာဖြစ်နိုင်တယ်။ ပြီးတော့ တဖက်မှာလည်း ဘုံရန်သူကို တိုက်ဖို့အတွက် အားပေးတာလည်းဖြစ်နိုင်တယ်” ဟု ပြောသည်။

ထို့အပြင် ဦးဖေသန်းက “မဟာမိတ်ဆက်ဆံရေးအနေနဲ့ ပေးတာဖြစ်နိုင်သလို ညီနောင်သုံးဖွဲ့နဲ့ ဆက်စပ်ပြီးတော့ ပေးတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲပေးပေး ဒီဟာတွေက ဘုံရန်သူကို တိုက်တဲ့အချိန်မှာ တစ်ဖွဲ့ကိုတစ်ဖွဲ့ ကူ ညီတာဖြစ်တယ်” ဟု ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သူများကို အင်အားသုံး ဖြိုခွင်းပစ်ခတ်မှုများ ကြောင့် လူငယ်အများအပြားမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ နယ်မြေများသို့ ရောက်ရှိ လာကာ စစ်ပညာသင်ပြီး နိုင်ငံအနှံ့တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည်။

ပုံစာ - ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ကျောင်းသားလက်ရုံးတပ်တော်မှ အထူးတိုက်ခိုက်ရေး သင်တန်း ဆင်းပွဲ အခမ်းအနား။ / ဓာတ်ပုံ - Student Armed Force

Most read this week

October 28, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးပတ်ဆို့ထားမှုကြောင့်...
October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...