ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

ထန်တလန်မြို့တိုက်ပွဲတွင် ချင်းပူးပေါင်းတပ်က ၁၃ ဦးကျဆုံး၊ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

ချင်းပြည်နယ်၊ ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းစခန်းကို CNF/CNA ဦးဆောင်သည့် ချင်းပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ရာ တနေကုန်တိုက်ပွဲပြင်းထန်ပြီး ချင်းပူးပေါင်းတပ်က ၁၃ ဦး ကျဆုံး၊ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၅ နာရီခန့်တွင် ချင်းအမျိုးသားတပ်ဦး CNF/CNA၊ CDF ထန်တလန်၊ CDF ဟားခါး နှင့် CDF ဇိုဖေ ချင်းပူးပေါင်းတပ်ဖွဲ့သည် ထန်တလန်မြို့က စစ်ကောင်စီတပ်ရင်းကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ် က နေရာ ၄ နေရာမှ ပြင်ဆင်ခုခံခဲ့ပြီး ဂျက်ဖိုက်တာ ပစ်ကူများအပြင် လက်နက်ကြီးနှင့် မတန်တဆပစ်ကူပေးကာ ခုခံခဲ့သည်ဟု CNF/CNA က ပြောသည်။

CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ကျနော်တို့ဘက်က CNA ရယ်၊ ထန်တလန်၊ ဟားခါး၊ ဇိုဖေ CDF က ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထန်တလန်မြို့ စစ်ကောင်စီ တပ်စခန်းကို ကျနော်တို့ တိုက်ခိုက်တယ်။ သူတို့က ၃/၄ နေရာမှာ နေရာယူထားတယ်။ အဲဒါကို ကျနော်တို့က တခါတည်း ဝင်တိုက်တယ်။ တိုက်တဲ့အချိန်မှာ သူတို့ရဲ့ ဂျက်ဖိုက်တာနဲ့ ကျနော်တို့ဘက်ကို ဗုံးကြဲခံရ တယ်။ လက်နက်ကြီးနဲ့ မတန်တဆ ပစ်ခတ်ခံရတယ်။ အဲဒါနဲ့ ကျနော်တို့ဘက်က ၁၃ ဦး ကျတယ်။ ဒဏ်ရာရရှိသူ တချို့ရှိတယ်။ သူတို့ဘက်ကလည်း အထိအခိုက်အကျအဆုံး တော့ တော်တော်များတယ်။ အတိအကျတော့ မသိဘူး” ဟု ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲပြင်းထန်မှုတွင် ချင်းအမျိုးသားတပ်မတော် CNA က ရဲဘော် ၆ ဦးနှင့် CDF တပ်ဖွဲ့ကရဲဘော် ၇ ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက် တပ်သား ၃၀ ခန့် သေဆုံးနိုင်သည့်အပြင် ဒဏ်ရာရရှိသူပါ များပြားနိုင်သော်လည်း အတိအကျ မပြောနိုင်သေးကြောင်း CNF/CAN ဘက်က ပြောသည်။

သို့သော် စစ်ကောင်စီသည် ထိခိုက်ဒဏ်ရာရှိသူများနှင့် သေဆုံးသူများကို လူနာတင်စစ်ကား ၃ စီးနှင့် အရံကား အချို့ဖြင့် ထန်တလန်မှ ဟားခါးဘက်သို့ တင်သွားသည်ကို မြင်တွေ့ရသည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီတပ်ဘက်က လေးနေရာမှ ပြင်ဆင်ခုခံမှုအပြင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများဖြင့် ခုခံမှု ကို ချင်းကာကွယ်ရေးပူးပေါင်းတပ် ဒရုန်းများနှင့် တွဲ၍ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ အတွင်း နှစ်ကြိမ်စီးနင်း တိုက်ခိုက်သည်။

နှစ်ကြိမ်လုံးတွင် စစ်တပ်၏ လေကြောင်းအပြင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် ချင်းပူးပေါင်းတပ် ဘက်တွင် ထိခိုက်ကျဆုံးမှု များပြားခဲ့သည်။

“တိုက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်က အကျအဆုံးရှိသလို၊ သူတို့ဘက်ကလည်း အကျအဆုံးရှိတယ်။ ကျနော်တို့ လက်နက်တချို့ ရရှိတယ်။ အတိအကျတော့ ပြောလို့ မရသေးဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်မဲ့ အနေ အထားမှာရှိတယ်။ သူတို့ ဘက်ကလည်း ပြင်ဆင်ထားတယ်။ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့က ထန်တလန်မြို့၊ စစ်ကောင်စီ၏ ဟောင်ကာဘုံး (Haukabung) စခန်းကို ချင်းအမျိုး  သားတပ်ဦး CNF/CNA၊ CDF - ထန်တလန်၊ CDF - ဇိုဖေ နှင့် CDF - Hualngoram ပူးပေါင်းတပ်က စီးနင်း တိုက် ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၊ ၂ ဦးကို အရှင်းဖမ်းမိခဲ့သည်။

ထိုတိုက်ပွဲတွင် RPG ၂ လက်၊ သေနတ် ၃ လက်အပြင် အခြား လက်နက်ခဲယမ်းများကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီက ထိခိုက်ဒဏ်ရာ အများအပြား ရရှိခဲ့ကြ၍ ဟားခါးဆေးရုံးတွင် ဆေး ကုသမှု ခံယူနေရသည်။

December 23, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက...
December 20, 2024
ချင်းညီနောင်စစ်ဆင်ရေးများအဖြစ် ဖော်ဆောင်နေသည့် မင်းတပ်မြို့နှင့် ဖလမ်းမြို့များတွင်...
December 12, 2024
ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများ ဖော်ဆောင်နေသည့်...
December 11, 2024
ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက...