ရခိုင်ပြည်တွင်းဆန် သယ်ယူမှု စစ်ကောင်စီက တင်းကျပ်ပိတ်ပင်လာ

ရခိုင်ပြည်တွင်းဆန် သယ်ယူမှု စစ်ကောင်စီက တင်းကျပ်ပိတ်ပင်လာ

ရခိုင်ပြည်တွင်း ဆန်သယ်ယူမှုကို စစ်ကောင်စီက တင်းကျပ်ပိတ်ပင်လာ၍ အခက်အခဲဖြစ်နေရကြောင်း ဆန်ကုန်သည်များက ပြောသည်။

ရခိုင်တွင် ဆန်သယ်ယူသွားလာမှုများ၌ ယခင်က ထောက်ခံစာမလိုခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထောက်ခံ စာမပါပါက ငွေညှစ် ခြိမ်းခြောက်ခံရမှုများနှင့် ကြုံနေရကြောင်း ကုန်သည်များက ပြောသည်။

တောင်ကုတ်မှ ကျောက်ဖြူသို့လာသည့် ဆန်ကား (၃) စီးကို သြဂုတ်လ ၁၁ ရက်နေ့၊ နံနက်က ကျောက်ဖြူမြို့ အဝင် ကျောက်တလုံးစစ်ဆေးရေးဂိတ်တွင် မူးယစ်၊ ရဲနှင့် စစ်ကောင်စီတပ်သားများ၏ စစ်ဆေးဖမ်းဆီးခဲ့ပြီး ဆန် အိတ် ၆ အိတ်ပေးမှ ပြန်လွှတ်ပေးခဲ့သည်ဟု ကာယကံရှင် ဆန်ကုန်သည်များက ပြောသည်။

“သူတို့က အချုပ်ထဲ ဘယ်နှစ်ရက်လောက် အိပ်ချင်လဲလို့ မေးပါတယ်။ ဒီတော့ ကျနော်တို့လည်း ကြောက်ပါ တယ်။ အချုပ်ထဲ ၃/၄ ရက်လောက် ဖမ်းမယ်လို့ ပြောပါတယ်။ ကျနော်တို့ ဆန်ပိုင်ရှင် ဆယ်/ကိုးယောက်နဲ့ ကား သမားတွေကိုပါ ခေါ်ပါတယ်။ တကယ်လို့ မဖမ်းစေချင်ရင် ကားတစ်စီးကို ဆန်နှစ်အိတ်စီ ပေးရမယ်တဲ့။ ၂၄ ပြည် အိတ် ၆ အိတ်ပေးခဲ့ရပါတယ်” ဟု ပြောသည်။

အဆိုပါ ဆန်ကား (၃) စီးကို ထိုနေ့တွင် ကျောက်ဖြူမြို့နယ် ထွေအုပ်ရုံးတွင် ဖမ်းဆီးထားပြီး ညနေ ၄ နာရီခွဲမှ ကားတစ်စီးလျှင် ၂၄ ပြည် ဆန်နှစ်အိတ်နှုန်းဖြင့် ဆန် (၆) အိတ်ပေးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဆန်ကုန်သည် က ပြောသည်။

အမည်မဖော်လိုသူ ဆန်ကုန်သည်တစ်ဦးက “ခါတိုင်းဆို တောင်ကုတ်နဲ့ ကျောက်ဖြူကို ရခိုင်ပြည်နယ်မှာတော့ တခါမှ ထောက်ခံစာ လုပ်စရာမလိုဘူး။ ပြည်နယ်ကျော်တာတောင် လာလို့ရပါတယ်။ အခု သူတို့ကတော့ ထောက်ခံစာ မပါရင် ဖမ်းတယ်လို့ပြောပါတယ်” ဟု ပြောသည်။

နောက်ထပ် ဆန်ကုန်သည်တစ်ဦးက ရခိုင်ပြည်တွင်း စစ်ဘေးဒဏ်၊ မုန်တိုင်းဒဏ်တို့ကြောင့် လယ်ယာစိုက်ပျိုးရေး ပျက်စီးထိခိုက်ကာ ဆန်စပါးစျေး တက်နေချိန်တွင် ယခုကဲ့သို့ စစ်ဆေးငွေညှစ်မှုများကြောင့် ကုန်စျေးနှုန်း မြင့် တက်ပြီး ပြည်သူများ ပိုအခက်တွေ့စေနိုင်သည်ဟု ဆိုသည်။

ဆန်ကုန်သည်တစ်ဦးက “ကျနော်တို့လည်း ဆန်အများပါလာကြတာမဟုတ်ပါဘူး။ ဆယ်၊ ကိုးယောက်စုပြီး တစ် ယောက် ၁၀ အိတ် လောက်ပဲ တင်လာတာပါ။ ထောက်ခံစာဘယ်လို ယူမလဲ။ အများပါတာလည်း မဟုတ်ဘူး ပြောတော့ ယူရမှာပဲ လို့ ပြောတယ်။ ကျောက်ဖြူနဲ့ တောင်ကုတ်လောက်ကို သုံးသောင်းခွဲလောက် ကုန်မယ်ဆို ရင် ကုန်သည်ငယ်တွေ အတွက် ဘယ်လိုမှ အဆင်မပြေပါဘူး။ ဆန်စျေးတွေလည်း မလိုအပ်ပဲ မြင့်တက်လာမှာ ပါပဲ။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ အခုလို မလုပ်သင့်ပါဘူး” ဟု ပြောသည်။

ထောက်ခံစာတစ်ခါယူပါက မြို့နယ်အုပ်ချုပ်ရေးမှူးကို ငွေကျပ် ၃ သောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျပ် ၅ထောင် ပေးရသည်ဟု ဆန်ကုန်သည်များက ပြောသည်။

ထို့အပြင် ထောက်ခံစာရရှိရန် တစ်ရက်၊ နှစ်ရက်စောင့်ဆိုင်းရသည့်အတွက် များစွာ အဆင်မပြေ ဖြစ်နေရသည် ဟုလည်း ဆန်ကုန်သည်များက ပြောသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကို နိရဥ္စရာက ဆက်သွယ် မေးမြန်းရာ “ခါတိုင်းလည်း ဒီလိုယူပြီးသွားတဲ့ လူရှိတယ်။ ယူမသွားတဲ့ အချိန်မျိုးမှာ လမ်းမှာစစ်ဆေးတော့ ပါ မလာဘူးဆိုရင် ဘာလို့ မယူခဲ့လဲ မေးတာမြန်းတာရှိပါတယ်။ ခေါ်ပြီးပြောတာတွေရှိပါတယ်။ ကျနော်တို့ ကတော့ သူတို့ဆီက ဆန်တွေတောင်းတာမျိုးမရှိပါဘူး” ဟု ပြောသည်။

ယခုနှစ် ရခိုင်တွင် မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ရခိုင်မှ မြို့နယ်အများစုတွင် ဆားငန်ရေ ဝင် ရောက်ခြင်းကြောင့် လယ်ဧက အများအပြားပျက်စီးခဲ့ရသည်။

မျိုးစပါးများ ပျက်စီးမှုတို့ကြောင့်လည်း မစိုက်ပျိုးရသေးသည့် လယ်သမားအများစု လယ်ယာလုပ်ငန်းကို စွန့်ခွါ ခဲ့ကြရပြီး ယခင်နှစ်များကထက် ရခိုင်တွင် ဆန်စျေးမြင့်တက်လျက်ရှိသည်။

ထို့အပြင် မိုခါကြောင့် အခက်အခဲများကြားမှ ပြန်လည်စိုက်ပျိုးထားသည့် ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦး မြို့နယ်များရှိ လယ်မြေဧက ၇ သောင်း ကျော်သည်လည်း သြဂုတ်လဆန်းပိုင်းက မိုးကြီးကာ မြစ်ရေလျှံမှုကြောင့် ရေလွှမ်းပျက်စီးခဲ့ရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...