မိုခါ ၃ လပြည့်သွားပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူ ၇၀ ရာနှုန်းခန့် အမိုးအကာအောက်သို့ မရောက်သေး

မိုခါ ၃ လပြည့်သွားပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူ ၇၀ ရာနှုန်းခန့် အမိုးအကာအောက်သို့ မရောက်သေး

မိုခါမုန်တိုင်း ရခိုင်ကို ဝင်ရောက်တိုက်ခတ်သွားခဲ့သည်မှာ ဩဂုတ် ၁၄ ရက်နေ့၌ ၃ လပြည့်သွားပြီ ဖြစ်သော် လည်း မုန်တိုင်းသင့်ပြည်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ အမိုးအကာအောက်သို့ မရောက်သေးကြောင်း ရခိုင်မှ လူမူကူ ညီရေး လုပ်နေသူများက ပြောသည်။

မုန်တိုင်းဒဏ်ခံရသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ဘူးသီး တောင်၊ မောင်တော၊ အမ်း၊ ရမ်းဗြဲ စသည့်မြို့နယ်များတွင် လုံခြုံသည့် အမိုးအကာ အောက်သို့ ရောက်ရှိရန် အခက်အခဲများရှိနေသေးသည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝလူငယ်များ အစည်းအရုံးမှ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးက “ကျောက်တော်ဘက် တွေမှာ ဆိုရင် မိုခါပြီးလို့ ပြန်ပြီး တည်ဆောက်နိုင်တာက ၂၅ ရာခိုင်နှုန်းလောက်သာ ရှိသေးတယ်။ များသော အား ဖြင့်က တာပေါ်လင်စတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ နေရာတွေမှာ  မလုံတလုံ မိုးထားတာလောက်နဲ့ပဲ နေ နေရတယ်။ ပြောရရင် ဟိုက်ဝေးလမ်းထက်ဝေးတဲ့ ယိုချောင်းဖက်တွေမှာဆို လုံးဝ ပြန်ပြီး မလုပ်ရသေးတာ များ တယ်” ဟု ပြောသည်။

အမိုးအကာ မရောက်သေးသည့် နေရာများသည် သတင်းအချက်အလက် မစီးဆင်းနိုင်သည့် နေရာများဖြစ်သည့် အပြင် ထောက်ပံ့ကူညီရေး အဖွဲ့များနှင့် အချိတ်အဆက် မမိသည့် နေရာများ ဖြစ်ကြောင်း ၎င်းက ဆက် ပြော သည်။

“နဂိုကတည်းက သူတို့ဆီမှာ သတင်းအချက်လက်တွေလည်း မရောက်တော့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီး အခက်အခဲရှိတယ်။ အခုက ပိုပြီးတော့မှ ခက်ခဲတယ်လို့ပြောလို့ရပါတယ်။ နောက်တစ်ခုက မျိုး စပါးတွေ ပျက် သွားတယ်။ သူတို့ဘက်မှာက ဥယျာဉ်လုပ်စားတယ်။  အပင်တွေ ပျက်စီးမှုရှိတယ်ဆိုတော့ စားဝတ်နေရေးက လည်း အဆင်မပြေဘူး” ဟု ပြောသည်။

လက်ရှိမြေပြင်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းအချို့ကို ရက္ခိုင့်တပ်တော် (AA)က လုပ်နေသော်လည်း မုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးမှုများသည့်အတွက် AA ကလည်း အားလုံး လွှမ်းခြုံနိုင်အောင် ထောက်ပံ့နိုင်ခြင်း မရှိ ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြကြသည်။

ရသေ့တောင်မြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးက “ရွာတွေကလည်း များတော့ သူတို့တွေ ကလည်း အကုန်လုံးကို မရောက်နိုင်ဘူး။ ရသေ့တောင်ဆိုရင် တစ်နယ်လုံး ပျက်စီးသွားတယ်ဆိုတော့ အကုန်လုံး ကို လက်လှမ်းမမီတာလည်းပါတယ်” ဟု ပြောသည်။

လက်တွေ့မြေပြင်တွင် စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားနည်းပြီး ဒေသတွင်း အမိုးအကာ အောက် မရောက်သေးသည့် ဒေသခံများစွာရှိနေသေးသည်ဟု ကာယကံရှင်များနှင့် လူမှုအဖွဲ့အစည်းများက ပြောကြသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇) မြို့နယ်စလုံးအား သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး မုန်တိုင်းတိုက်ပြီး ၂ လအတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အရှိန် အဟုန်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် မုန်တိုင်းသင့် ဒေသများအား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများအား  ကူညီထောက်ပံ့ရေး အစီအစဉ်များကို စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့မှ စတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စစ်ကောင်စီ၏ ပိတ်ပင်မှုအား စိုးရိမ်ကြောင်း ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းသင့်ပြည်သူများ၏ဘဝ ပြန်လည်ထူထောင်လာနိုင် ရေး သွားလာကူညီခွင့်ပေးရန်လည်း နိုင်ငံတကာ အဖွဲ့ အစည်းများက အကြိမ်ကြိမ်တောင်းဆိုလျက်ရှိသည်။

မုန်တိုင်းသင့် ဒေသက ပြည်သူများအနေဖြင့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးပိုင်းတွင် ထိထိရောက် ရောက် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာ အကူအညီရရှိမှု လိုအပ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် စစ်တွေ၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့သွားရောက်ကာ မုန်တိုင်းသင့်ပြည်သူများ၏ ပြန်လည် ထူထောင် ရေး လုပ်ငန်းများ အောင်မြင်နေပြီဟု ဆိုခဲ့သည်။

သို့ရာတွင် မြေပြင်တွင် ထိုသို့ မဟုတ်ဘဲ မုန်တိုင်းသင့်ပြည်သူများမှာ မည်မည်ရရ မည်သည့် အကူအညီမှ စစ်ကောင်စီထံမှ မရဘဲ အခက်အခဲ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရပြီး ပြည်သူအများစုမှာလည်း အိမ်များကို ပြန်မပြင်ဘဲ ဖြစ်နေကြရသည်။

မိုခါမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ရခိုင်မှ လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ ကာ အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ကျွဲနွားတိရစ္ဆာန်များ အကောင်ရေ သောင်းနှင့်ချီ ထိခိုက်သေဆုံးကာ လယ်ယာမြေအများအပြားမှာလည်း ဆား ငန်ရေ ဝင်ရောက်မှုကြောင့် ပျက်စီးခဲ့သလို လယ်သမားများ သိုလှောင်ထားသည့် မျိုးစပါးများလည်း ထိခိုက် ပျက်စီးဆုံးရှုံးကုန်သည်။

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...