ဖြူးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်

ဖြူးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်
အောက်ကြာအင်းကျေးရွာအားစစ်ကောင်စီမှ မီးရှို့ဖျက်ဆီးနေသည်ကိုအဝေးမှမြင်တွေ့ရစဉ်။
အောက်ကြာအင်းကျေးရွာအားစစ်ကောင်စီမှ မီးရှို့ဖျက်ဆီးနေသည်ကိုအဝေးမှမြင်တွေ့ရစဉ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားခုနစ်ဦးကိုပါ သတ်ဖြတ်သွား ကြောင်း ရိုးမစစ်ကြောင်း (၂) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အောက်ကြာအင်းကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့ကတည်းက စစ်ရေးတင်းမာနေ၍ အုတ်ဖြတ်ကျေး ရွာ ဘက်မှ KNLA၊ PDF ပူးပေါင်းတပ်မှ လက်နက်ကြီးပစ်ကူ ပေးခဲ့ရကြောင်းဆိုသည်။

“ကျွန်တော်တို့ စစ်ကြောင်းနဲ့တော့ လှမ်းတာပေါ့။ မုန်းရဲ့အောက်ဘက်ခြမ်းပေါ့။ မနေ့ကတည်းကဖြစ်ဖို့ ကျွန်တော် တို့ဘက်က ဝိုင်းကူထားတော့ နည်းနည်းတန့်သွားတာ။ မနက် ၅ နာရီကနေ ၈ နာရီအထိ ပစ်နေတဲ့ လက်နက် ကြီးက အလုံး ၁၀၀ လောက်ရှိမယ် ခန့်မှန်းတယ်။ အခုတော့ ကျွန်တော်တို့ဘက်က တပ် ဆုတ်ပေးလိုက်ပါပြီ” ဟု ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။

မွန်းလွဲပိုင်းအထိ ရရှိထားသော သတင်းများအရ တိုက်ပွဲဖြစ်ပွားနေသည့် အောက်ကြာအင်းကျေးရွာအတွင်း ထွက်မပြေးနိုင်၍ကျန်ရှိနေသော ရွာသားခြောက်ဦး လည်လှီးအသတ်ခံရပြီး တဦးမှာ မီးရှို့သတ်ဖြတ်ခံ ထားရကြောင်း ၎င်းကဆိုသည်။

သတ်ဖြတ်ခံရသည့် အရပ်သား အရေအတွက် အတိအကျနှင့် သတ်ဖြတ်ခံထားရသူများ၏ အသေးစိတ် အချက်အလက်များကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် အောက်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပြီး မီးလောင်ဆုံးရှုံးမှု ပျက်စီးမှု အရေအတွက်ကိုလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် တိတိကျကျ မသိရှိရသေးပေ။

ဩဂုတ်လ ၈ ရက်နေ့က အောက်ကြာအင်းဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် အုတ်ဖြတ်ကျေးရွာမှ စစ်ကောင်စီတပ်ကို ရိုးမစစ်ကြောင်း(၂)က တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ငါးဦးသေ ဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။

စစ်ရေးတင်းမာနေ၍ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဖြူး၊ ကျောက်တံခါးနှင့် မုန်းမြို့နယ်တို့ကို စစ်ကောင်စီက မိုဘိုင်းအင်တာနက်လိုင်း ဖြတ်တောက်ထားပြီး ယနေ့ ဩဂုတ် ၉ ရက်၊ မွန်းလဲပိုင်းအထိ အသုံးပြု ၍မရသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ ပြောသည်။

ထို့အတူ KNLA ဘက်မှလည်း ယနေ့တွင် နတ်သံကွင်းမြို့သို့ ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်မပြုရန်နှင့် ကျောက်တံခါးမြို့နယ်၏ အရှေ့ဘက်ခြမ်းကျေးရွာများတွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်း မပြုရန် အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။

ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီး၊ နတ်သံကွင်းမြို့တို့သည် နယ်မြေချင်းထိစပ်လျက်ရှိသည့် မြို့နယ်များ ဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်း၏ ဘေးတွင်တည်ရှိနေကြသည့် မြို့နယ်များဖြစ်သည်။

ယနေ့ ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသော အောက်ကြာအင်းကျေးရွာသည် ဖြူးမြို့ နယ်၏ အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်း ဘေးကပ်လျက်တွင် တည်ရှိသည်။

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...