မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KTLA၏ ခြိမ်းခြောက်စစ်ဆေးမှုများကို လက်ခံ၍မရကြောင်း KNU တုန့်ပြန်

မေတ္တာ-ထီးခီးလမ်းပိုင်းတွင် KTLA၏ ခြိမ်းခြောက်စစ်ဆေးမှုများကို လက်ခံ၍မရကြောင်း KNU တုန့်ပြန်
Photo: Kwe Ka Lu News
Photo: Kwe Ka Lu News

တနင်္သာရီတိုင်းဒေသကြီး၊ မေတ္တာ-ထီးခီးလမ်းပိုင်းသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) နယ်မြေထဲတွင်ဖြစ်သည့်အတွက် သွားလာနေသည့် ပြည်သူများအပေါ် ခွင့်ပြု ချက်မရှိဘဲ ကော်သူးလေအာမီ - KTLAတပ်ဖွဲ့မှ ခြိမ်းခြောက်စစ်ဆေးမှု ပြုလုပ်ခြင်းကို လက်ခံ၍ မရကြောင်း ကေအဲန်ယူဘက်က တုန့်ပြန်ပြောဆိုလိုက်သည်။

အဆိုပါ လမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆေးပစ္စည်းသယ်ဆောင်မည့် ကရင်ကျန်းမာရေးဌာနက ကား ကို KTLA တပ်ဖွဲ့ဝင်များက ပစ်ခတ်တားမြစ်ခဲ့သလို သွားလာနေသည့် ပြည်သူကားများကိုလည်း တားဆီး ခြိမ်း ခြောက်မှုများ လုပ်ဆောင်သောကြောင့် ဇူလိုင်လ (၁၅) နေ့တွင် ကေအဲန်ယူ တပ်မဟာ (၄) လက်အောက်ခံ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၀) နှင့် KTLA တပ်ဖွဲ့ ကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ် ပွားခဲ့သည်ဟု ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာ က ပြောသည်။

ပဒိုစောအယ်နာက “ဇူလိုင်လ ၁၂ရက်နေ့တုန်းက ခရိုင်က ကျန်းမာရေးဌာနက မြို့နယ်ကို ဆေးဝါးတွေ ပို့တာကို ကော်လာဖိုးတို့လူတွေက ပေးမသွားဘူး။ ပြီးတော့ ကစယ်ဒိုမြို့နယ်ကျန်းမာရေးတာဝန်ရှိသူတွေ ကားနဲ့ တက် လာတော့ ဘာမှမပြောဘဲ ကားဘီးတွေကိုအကုန်ပစ်ပေါက်လိုက်ပြီး လမ်းပြန်လျှောက်ခိုင်းတယ်။ သူတို့က နယ် မြေရှိတာမဟုတ်ဘူး။ ကေအဲန်ယူနယ်မြေထဲမှာ ဝင်ပြီး လူထုတွေကို ခြိမ်းခြောက်တာ။ လက်နက်အားကိုးပြီး ကားတွေကိုပစ်တာ။ ရွာကကားတွေ ပစ်တာတွေလုပ်တာဟာ ကျနော်တို့ ကေအဲန်ယူ နယ်မြေဖြစ်တာကြောင့် ဒါကိုကျနော်တို့ လက်ခံလို့မရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါလမ်းပိုင်းတွင် နေရာဝင်ယူနေသည့် KTLA တပ်ဖွဲ့ဝင်များကို ကေအဲန်ယူ တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) တပ်ဖွဲ့ဝင်များမှ ဇူလိုင်လ (၁၅) ရက်နေ့က သွားရောက် ရှင်းလင်း တိုက်ခိုက်သည့်အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ကာ ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ကေအဲန်ယူ တပ်မဟာ (၄) ဘက်မှ ဆိုသည်။

သို့သော် အဆိုပါ လမ်းပိုင်းသည် နယ်စပ်စီးပွားရေး လမ်းကြောင်းတစ်ခုဖြစ်သလို နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ်များအတွက် ထောက်အကူပြုသည့် စားနပ်ရိက္ခာများ၊ လက်နက်ခဲယမ်းများ သယ်ဆောင်ရာတွင် ကေအဲန်ယူ ဘက်မှ သယ်ဆောင်ပေးခြင်း ရှိကြောင်း KTLA ဘက်မှ ပြန်လည် စွပ်စွဲပြောဆိုသည်။

KTLA ဆာကဆောတပ်မ တာဝန်ရှိသူတစ်ဦးဖြစ်သည့် စောကွာလာက ”ဒီလမ်းပိုင်းမှာ ကျနော်တို့ရှိတာကို သူတို့ က မလိုလားဘူး။ နယ်စပ်စီးပွားရေး လမ်း အဖြစ်သူတို့က ဖွင့်ထားတာ။ နယ်စပ်မှာ ကာစီနိုတွေ၊ Resort တွေ ဖွင့် ထားတာ အများကြီး။ ပြီးတော့ စီပွားရေးလမ်းမကြီးတစ်ခုအဖြစ်ထားတော့ သူတို့က ဒီလမ်းမှာ တိုက်ပွဲဖြစ်တာ မလိုလားဘူး။ ကျနော်တို့ဘက် စဉ်းစားတာက အဲဒီမှာရန်သူရှိရင် တိုက်ပွဲတော့ဖြစ်မှာဘဲ။ ဒီနယ်စပ်မှာ ရန်သူရှိ တာ ကျနော်တို့မလိုလားဘူး” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ KTLA ဘက်မှ အဆိုပါ မေတ္တာ-ထီးခီးလမ်းပိုင်းကို ဇူလိုင်လ (၁၆) ရက်နေ့မှ စတင်၍ ဖြတ်သန်းသွား လာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားသလို စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် မသင်္ကာစရာ တွေ့ရှိ ပါက ရှင်းလင်းပစ်မည် ဖြစ်ကြောင်းလည်း ကော်သူးလေအာမီ ဆာကဆောတပ်မ မှ ဇူလိုင်လ (၁၅)ရက်နေ့ ရက်စွဲဖြင့် သတိပေးစာ ထုတ်ပြန်ထားသည်။

KTLA ကော်သူးလေ အာမီတပ်ဖွဲ့ကို ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO စစ်ဦးစီးချုပ် ရာထူးတာဝန်ရပ်စဲ ခံထားရသည့် စောနယ်ဒါးမြက ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNU တပ်မဟာ (၄) ရှိ KNDO တပ် ဖွဲ့ဝင် အချို့မှလည်း KTLA ဘက်သို့ ဘက်ပြောင်းသွားခဲ့ပြီး စောကော်လာဖိုး ခေါ် ဗိုလ်အယ်ကွီး ဆိုသူမှ ဦးဆောင် သည်။

KNDO မှ တစ်ဆင့် KTLA ဘက်သို့ ဘက်ပြောင်းသွားသည့် တနင်္သာရီတိုင်းအခြေစိုက် ဗိုလ်အယ်ကွီး ဦးဆောင် သည့် ဆာကဆောတပ်မသည် ထားဝယ်-ထီးခီးလမ်းပေါ်တွင် စစ်ရေးလှုပ်ရှားမှုများ ရှိသည့်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အပြင် KNUလက်အောက် ခံတပ်ဖွဲ့ဝင်များနှင့်လည်း မကြာခဏ ထိတွေ့ပစ်ခတ်မှုရှိကြသည်။

Most read this week

November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...