ဒေသတွင်းကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားသောကြောင့် ယာဒိုစစ်ရှောင်များ စားသောက်ရေး ခက်ခဲလာနိုင်

ဒေသတွင်းကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားသောကြောင့် ယာဒိုစစ်ရှောင်များ စားသောက်ရေး ခက်ခဲလာနိုင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုဒေသတွင် စစ်ကောင်စီမှ ကုန်စည်စီးဆင်းမှုကို တားမြစ် ပိတ်ဆို့ ထားဆဲဖြစ်သောကြောင့် တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေးသည့် ယာဒိုကျေးရွာမှ စစ်ဘေးရှောင်များ စားသောက်ရေး ခက်ခဲလာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့က ယာဒိုကျေးရွာအထက်ရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေး အင် အားစုဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ယာဒိုကျေးရွာအပါအဝင် ရွာပေါင်းလေးရွာမှာ ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရခြင်း ဖြစ် သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ ယာဒိုဒေသရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးပစ် ခတ်မှု များနှင့် တပ်အင်အား တိုးချဲ့ခြင်းများ ရှိနေသလို လိပ်သိုရှိ စစ်ကောင်စီတပ် ဂိတ်စခန်းမှ ဒေသအတွင်း ကုန်စည် စီးဆင်းမှုပိတ်ဆို့ထားဆဲဖြစ်သောကြောင့် နေရပ်မပြန်ရဲသေးသည့် စစ်ဘေးရှောင်ပြည်သူများ စားသောက်ရေး အခက်အခဲရှိလာနိုင်ကြောင်း စစ်ရှောင်ကူညီသူအမျိုးသားတစ်ဦးက ယခုကဲ့သို့ပြောသည်။

“လိပ်သိုဂိတ်က ပိတ်ထားတာ လေးလလောက်ရှိပြီး။ စစ်တပ်ကလူတွေနဲ့တချို့အဖွဲ့လောက်ပဲသွားလို့ရတယ်။ ပြည်သူကသွားလို့ရပေမယ့် အစစ်အဆေးရှိတယ်။ ကျနော်တို့လို စစ်ရှောင်ကူတွေ ဆန်အိတ် များများသယ် ပြီး သွားဖို့ကျတော့ အဆင်မပြေဘူး။ အခုနေတဲ့သူတွေက တောထဲက ချောင်ကျတဲ့ရွာလေးတွေမှာ ခိုကပ် နေရ တယ်။ ပေးစာကမ်းစာနဲ့စားရတာပေါ့။ ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ လှူမယ့်အဖွဲ့တွေမရှိသေးဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် နယ်နိမိတ်ဖြစ်သောအဆိုပါ ယာဒိုဒေသ စစ်ဘေးရှောင် များ ကို သက်ဆိုင်ရာ တာဝန်ရှိသူအချို့မှ လတ်တလောနေထိုင်ရေးနှင့် တစ်နိုင်တစ်ပိုင် စားနပ်ရိက္ခာ စီစဥ် ပေးထား သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ပါရှိသောကြောင့် ဆေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးသူများက ဆိုသည်။

ထို့အတူ အဆိုပါ စစ်ရှောင်ပြည်သူများကို လတ်တလော စားနပ်ရိက္ခာထောက်ပံ့ပေးရာတွင်လည်း စစ်ကောင်စီ ၏ ဂိတ်စခန်းများမှ ပိတ်ဆို့တားမြစ်မှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများကို ကြုံတွေ့ရ ကြောင်းလည်း နောက် ထပ် ဒေသခံစစ်ဘေးရှောင်ကူညီပေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “နေရာမလောက်တာရော စစ်ရှောင်တွေထဲမှာ တော်လှန်ရေး အင်အားစုတွေရဲ့ မိသားစုတွေ ပါသလားဆို ပြီး စစ်တပ်က လာစစ်တာလည်းရှိလို့ တစ်ရွာတစ်ရွာ ခွဲနေခိုင်းထားရတယ်။ အခုကူပေးတဲ့ တာဝန်ရှိသူ တချို့က လည်း ရက်ရှည်ထောက်ပံ့ရမယ်ဆိုရင် အင်အားမရှိဘူးလေ။ ခုတစ်ခေါက်တောင် ဂိတ်ပိတ်ထားလို့ ကူဖို့ ကြာ သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် စစ်ကောင်စီ၏ ပစ်ခတ်မှုများ မရှိတော့ဘဲ နယ်မြေငြိမ်သက်သွားပါက ကယန်း ပြည်သစ် တပ်မတော်မှ အဆိုပါစစ်ဘေးရှောင်များ နေရပ်ပြန်၍လိုအပ်သည့် အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ ပြန်ယူနိုင် ရန် လုံခြုံရေးယူပေးမည်ဟု အဆိုပါ တာဝန်ရှိသူများက ပြောဆိုထားကြောင်းလည်း ဒေသတွင်း သတင်းအရင်း အမြစ်များက ဆိုသည်။

ဇူလိုင်လ (၁၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ယာဒိုတပ်စခန်းအား တိုက်ခိုက်မှုကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA၊ သံတောင် မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့ - NTDF တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ - KNDF က ပစ်ကူ တိုက်ခိုက်ပေးခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ (၂) ဦးကျဆုံးကာ (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း စစ်ရေး သတင်းအရင်းအမြစ်များ၏ ပြောပြချက်အရ သိရသည်။

Photo: CJ

Most read this week

November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...
November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...