သံလွင်တံတား စစ်ဆေးရေးအဖွဲ့က သွားလာနေသည့် ဒေသခံများကို ခြိမ်းခြောက်စစ်ဆေးမှု ပြုလုပ်လာ

သံလွင်တံတား စစ်ဆေးရေးအဖွဲ့က သွားလာနေသည့် ဒေသခံများကို ခြိမ်းခြောက်စစ်ဆေးမှု ပြုလုပ်လာ

ကရင်ပြည်နယ်၊ ဖားအံမြို့အထွက်ရှိ သံလွင်တံတားရှိ လုံခြုံရေးစောင့်ကြပ်သည့် စစ်ကောင်စီ၏ စစ်ဆေးရေး အဖွဲ့သည် တံတားမှ ဖြတ်သန်းကာ နေ့စဥ် သွားလာနေကြသည့် ဒေသခံပြည်သူများ အပေါ် ယခုလအတွင်း ခြိမ်းခြောက် စစ်ဆေးလာမှုများကြောင့် သွားလာရေးမှာ ပိုခက်ခဲလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဒေသခံ များက ပြောသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း မွန်ပြည်နယ်ရှိ ဘီးလင်းတံတား၊ မွန်-ကရင်ပြည်နယ်ကြားရှိ ဒုံသမိတံတားနှင့် သံလွင် မြစ် အနောက်ဘက်ခြမ်းရှိ ဝါးဘိုးတော ဘုရင်ညီဂူ တံတားများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး နောက်ပိုင်း သံလွင် တံတား စစ်ဆေးရေးဂိတ်တွင် ယင်းသို့ ခြိမ်းခြောက် စစ်ဆေးမှု လုပ်ဆောင်လာခြင်း ဖြစ်သည်။

နှစ်ဖက် အဝင်အထွက် တံတားဖြတ်သန်းရန် စစ်ကောင်စီတပ်က ခရီးသွားပြည်သူ၊ ဆိုင်ကယ်၊ ကားနှင့် ကုန်တင် ယာဥ် တွဲများအား စစ်ဆေးလေ့ရှိသော်လည်း ယခုအချိန်တွင် ဒေသခံများ နေ့စဥ် ဖြတ်သန်းသွားလာမှုအပေါ် ခြိမ်းခြောက်မေး မြန်းမှုများ လုပ်ဆောင်လာနေကြောင်း ဖားအံဘက်သို့ သီးနှံများ သွားရောင်းနေသူ အနီးဝန်း ကျင်မှ ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ဖားအံ သံလွင်တံတားကတော့ တော်တော်လေး စစ်ဆေးတာ ကြမ်းလာတယ်။ ကျနော်က အသီးအနှံတွေ ဖားအံ ဘက် သွားရောင်းတာ နေ့တိုင်း တံတားဖြတ်ရတယ်။ သူတို့ စစ်တယ်။ ဒေသခံမှန်းတောင် မသိတော့ဘူး။ ခရီး သွားတွေကို စစ်တာကတော့ တစ်မျိုးပေါ့။ ဖုန်းပါတော့လည်း စစ်တယ်။ စစ်လို့ မယူလာတော့လည်း ရစ်တယ်။ ကြိမ်းမောင်းတယ်” ဟု အဆိုပါရွာသားက ပြောသည်။

ယင်းသို့ စစ်ဆေးရာတွင် ဖားကပ်၊ ရသေ့ပျံ၊ မြိုင်ကလေး၊ မုက္ကဒိ စသည့် သံလွင်မြစ် အနောက်ဘက်ခြမ်းမှ ဖားအံမြို့ဘက်သို့ နေ့စဉ် စျေးဝယ်၊ ရုံးတက်၊ ကျောင်းတက် သွားလာနေကြသူ ဒေသခံများကိုလည်း စစ်ဆေး ခြင်း၊ ကြိမ်းမောင်းခြင်းများ ရှိကြောင်းလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူများ၏ ပြောပြချက်များအရ သိရသည်။

ထို့အတူ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး လမ်းတစ်လျှောက်၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြင် နယ်ခြား စောင့်တပ် (BGF)၊ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့၊ ကျေးရွာပြည်သူ့စစ် အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကလည်း ခရီးသွားကားများ အပြင် သွားလာနေသည့် ဒေသခံများကိုလည်း တင်းကြပ်သည့် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင် လာနေသည်ဟု ဆိုကြသည်။

အလားတူ ဌာနေတိုင်းရင်းသားများအနေဖြင့် အဆိုပါ စစ်ဆေးရေးဂိတ်များမှ တာဝန်ကျ စစ်သားများ၊ ရဲများ၏ မေးမြန်းမှုအပေါ် ဘာသာစကား အခက်အခဲကြောင့် နားမလည်ခြင်း၊ ပြန်မဖြေနိုင်ခြင်းများ ရှိပါက ဖမ်းဆီးထား ကာ၊ ငွေပေးပြီး ပြန်ရွေးရခြင်းများပင် ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာသားတစ်ဦးက “ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကတော့ သွားလာနေကြတာပဲ။ ပစ်တဲ့သူကလည်း ပစ်နေတာပဲ။ မပစ်တဲ့ အချိန်ဆိုရင်လည်း လမ်းမပေါ်မှာ ပိုက်ဆံကောက်တယ်။ စစ်ဆေး တယ်။ ဒေသခံဆို ပိုစစ်တယ်၊ ကရင်အများစုက မြို့တက် စျေးဝယ်ဖို့လာတာ မြန်မာလို သိပ်မပြောတတ်တော့ ဖမ်းခေါ်ထားတယ်။ ငွေနဲ့ပြန်ရွေးခိုင်းတယ်။ လက်သုံးချောင်းအဖွဲ့တွေ သိလား။ ရွာမှာ ရှိလား။ သူတို့ စျေးဝယ် ခိုင်းတာလား ဆိုတာတွေ မေးတယ်” ဟု ပြောသည်။

လတ်တလော အခြေအနေတွင် ကရင်အမျိုးသား အစည်းအရုံး-KNU၊ တပ်မဟာ(၆) နယ်မြေအတွင်း တိုက်ပွဲ များ နေ့စဥ် ဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေးမှာ နှစ်ဖက်တိုက်ပွဲ အခြေအနေပေါ် မူတည်နေသော်လည်း နယ်စပ် ကုန်စည်စီးဆင်းမှုပိုင်းလည်း နှောင့်နှေးလာသည့်အပြင် ဒေသတွင်းခရီး သွားလာရေးမှာ ခက်ခဲနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Most read this week

photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...
KHRG ပြောခွင့်ရ စောနန္ဒဆူး
November 25, 2024
“အရေးယူဆောင်ရွက်မှု မလုပ်သရွေ့တော့ အရပ်သားပြည်သူတွေအတွက် တရားမျှတမှု ဘယ်တော့မှရမှာမဟုတ်သလို၊...